Thursday, May 8, 2008

ပထမမျိုးဆက်၏ နောက်ခံကား

ဒဂုန်တာရာ

(က)
ပထမမျိုးဆက်၏ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်းနောက်ခံကားကို ဖော်ပြမှသာလျင် မျိုးဆက်၏ ၀ိသေသ အချိတ်အဆက်ကို ကောင်းစွာနားလည်ပေမည်။ ၁၉၁၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ကျနော်၏ ဆယ်ကျော်သက် အရွယ်သည် ကျနော်တို့၏ ပထမမျိုးဆက်အစဖြစ်သည်ဟု ဆိုနိုင်သည်။ တကယ်ကတော့ ၂၀ ရာစုနှစ်မှ စတင်၍ ရေတွက်ခြင်းမဟုတ်။ သို့သော် ကျနော်မှတ်မိသလောက်ခေတ်များ။ ဆိုပါတော့ ၁၉၂၀ ခုနှစ် ပထမ ကျောင်းသား သပိတ်၊ ၀ံသာနု လှုပ်ရှားမှုကို ကျနော်ကိုယ်တိုင် မီသည်မဟုတ်။ ထိုအခါက ကျနော့်မှာ ကလေးအရွယ်မျှသာ။ သို့သော် ယင်းဝံသာနုခေတ်၏ အသီးအပွင့်ကိုကား ကျနော်ခံစားရသည်။ ထိုခေတ်က အင်္ဂလိပ်ကိုလိုနီခေတ် ဖြစ်သည်။ ကျနော်မွေးဖွားရာခေတ်သည် အင်္ဂလိပ်လက်အောက်ခံခေတ်ဟု ခံစားနေမိသည်။ ထို့ကြောင့် လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို ကျနော်စတင်မြင်ခဲ့သော ရန်ကုန် (၇) လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာသက်သက်ကျောင်း၊ ထို့နောက် ကျိုတ်လတ်မြို့ အမျိုးသားအထက်တန်းကျောင်းတို့၏ ကျောင်းသားဘ၀ အတွေ့အကြုံမှ စတင်၍ သိရှိနားလည်စပြုလာသည်။ (၁၉၃၇ - ၃၈) ပညာရေးနှစ်မှစ၍ ရန်ကုန်ယူနီဘာစတီ ကောလိပ်သို့ ရောက်ခဲ့သည်။ ယင်းနှစ်ကာလများသည် အင်္ဂလိပ်ကိုလိုနီခေတ်၏ သမိုင်းအတွေ့အကြုံများပင်။ ထိုအခါက အင်္ဂလိပ်ကိုလိုနီခေတ်တွင် ကျောင်း ၃ မျိုး ရှိသည်။ မြန်မာစာသက်သက်ဖြင့် သင်ကြားသောကျောင်း၊ အင်္ဂလိပ် - မြန်မာ ၂ ဘာသာသင်ကြားသောကျောင်းနှင့် အင်္ဂလိပ်ကို ဦးစားပေးသော ဘိုကျောင်းဟုခေါ်သော ကျောင်းဟူ၍ ရှိသည်။ ကျနော်သည် ၂၀ ရာစုနှစ် အစ ၀ံသာနုခေတ် (ခေါ်) အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု၏ အသီးအပွင့်ဖြစ်သော အမျိုးသားကျောင်းတွင် စတင်ပညာသင်ခဲ့ရသည်။ ကျောင်းသားဘ၀အတွေံ အကြုံသည် ကျနော်တို့၏ သမိုင်းခံစားမှုကို ဆောင်ရွက်ပေးလေသည်။

(ခ)
ကျနော်တို့ လူမှန်းသိစအရွယ်က ဆရာစံ (ခေါ်) သုပဏ္ဏဂဠုန်ရာဇာ၊ မျိုးချစ်စိတ်၊ ၀ံသာနု၊ အမျိုးသားနေ့စသော စကားလုံးများနှင့် စတင်ထိတွေ့ခဲ့ရသည်။ ၁၉၃၈ ပတ်ဝန်းကျင် ယူနီဘာစီတီ ကောလိပ်သို့ ရောက်သောအခါ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ အရင်းရှင်စနစ်၊ ဓနရှင်၊ ပစ္စည်းမဲ့၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်သူ၊ ဥပဒေပြုလွှတ်တော် စသောစကားလုံးများကို ကြားလာရသည်။ ၁၉၃၈ - ၃၉ ခုနှစ်၊ ၁၃၀၀ ပြည့်ရေးတော်ပုံတွင် ဖြတ်သန်းလာသောအခါ အသိသည် ပို၍ကျယ်ပြန့်လာသည်။ ယင်းသည် ကျနော်တို့ ပထမမျိုးဆက်၏ နိုင်ငံရေး အသိဟုဆိုနိုင်သည်။ ၀ထ္ထု၊ ကဗျာ စသည်တို့သာမကတော့ပဲ နိုင်ငံရေးရာ သဘောတရားရေးရာ စာအုပ်များကို ဖတ်ဖြစ်လာသည်။ ကျနော်တို့ ပတ်ဝန်းကျင်ကလည်း ယင်းအယူအဆများဖြင့် ယှက်သန်းနေသည်ကို ကိုယ်တိုင် ထိတွေ့ခံစားလာရသည်။

၁၃၀၀ ပြည့် အရေးတော်ပုံကာလက ချောက်၊ ရေနံချောင်း၊ ရေနံမြေများသို့ သွားရောက်ကာ ဟောပြောခြင်း၊ စည်းရုံးခြင်းတို့ဖြင့် အသိတိုးလာရသည်။ ချောက်ရေနံမြေသို့ ရောက်သွားသောအခါ ကျနော်တို့ အလုပ်သမား တန်းလျားများသို့ ရောက်ခဲ့သည်။ ထိုအခါ ကျနော်တို့က ယင်းအလုပ်သမားလူတန်းစားတို့၏ အရေးပါပုံကို သိလာရသည်။ ကျနော်တို့ဖတ်ရှုနေသော နိုင်ငံရေးရာ သဘောတရားများကလည်း ယင်းအလုပ်သမားရေးရာ တို့ကို စိတ်ဝင်စားအောင် လှုပ်ဆော်ပေးသည်ဟု ဆိုနိုင်သည်။ ထိုအခါက ကျနော်တို့ ပါဝင်သော ကိုလိုနီ လက်အောက်ခံဘ၀မှ လွတ်မြောက်ရေး (၀ါ) အမျိုးသားလွတ်မြောက်ရေး ရည်ရွယ်ချက်နှင့်လည်း သွားရောက် ဆက်စပ်နေသည်။ ထို့ကြောင့် နိုင်ငံရေးရာသဘောတရားများကို ပို၍ ဖတ်ဖြစ်လာသည်။

(ဂ)
ဂျပန်ဖက်ဆစ်ခေတ် စစ်နှင့် တော်လှန်ရေးတို့ကို ဖြတ်သန်းပြီးသောအခါ နိုင်ငံရေးရာ သဘောတရားများကို ပို၍ စိတ်ဝင်စားလာသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်။ ထိုခေတ်သည် လွတ်လပ်ခါစ၊ ဖွံ့ဖြိုးခါစ၊ ဒီမိုကရေစီလှုပ်ရှားမှု ကာလဟုဆိုချင်သည်။ စစ်မဖြစ်ခင်ကမူ အတွေ့အကြုံက အမျိုးသားလွတ်လပ်ရေး စိတ်ဓာတ်။ လွတ်လပ်ရေးရပြီးသောအခါ ယင်းအမျိုးသားရေးစိတ်ဓာတ်မှ တိုင်းပြည်ကို မည်သို့တည်ဆောက်မည်၊ မည်သို့သော စာပေတို့သည် မိမိတို့တည်ဆောက်နေသော ဖွံ့ဖြိုးခါစ ဒီမိုကရေစီ လှုပ်ရှားမှုကို အကျိုးပြုမည်ကိုလည်း စဉ်းစားလာရသည်။

ကျနော့် ကျောင်းနေဖက်သူငယ်ချင်းများမှာ နိုင်ငံရေးဖက်သို့ ရောက်သွားသည်။ ကျနော်ကတော့ မရောက်။ ကျနော်က စာပေဘက်သို့ ထက်သန်နေသူ။ ထို့ကြောင့်ပင် မန်းတင် ၁၉၄၅ ခုနှစ်မှာ ထုတ်ဝေသော “ထို ၃ နှစ်” အမှာတွင် ကျနော်သည် နိုင်ငံရေးသမားမဟုတ်။ နိုင်ငံရေးသိပ္ပံပညာကို လေ့လာသော ကျောင်းသားတယောက် ဖြစ်သည်ဟု ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ ဤကစ၍ ကျနော်တို့ ပထမမျိုးဆက်၏ နိုင်ငံရေးယဉ်ကျေးမှုကို သိလာသည်ဟု ဆိုရပေမည်။

ဒဂုန်တာရာ (အတွေးအမြင်စာစဉ် - ၁၆၆ မှ ပြန်လည်ဝေမျှပါသည်)

0 comments: