(၁)ကျွန်တော့်ရှေ့မှာ ကုန်လုလု ဆေးလိပ်အစီခံတိုတွေ၊ အစီအစဉ်မဲ့ ပရမ်းပတာ စုပုံနေတယ်။ အစီခံတိုတွေရဲ့ တဘက်ထိပ်က မီးကျွမ်းလက်စ ဆေးသားတွေ အံကျနေပြီး၊ ကိုက်ဖွာထားတဲ့ အခြားဘက် ထိပ်မှာတော့ မစိုမခြောက် စိုထိုင်းထိုင်း ဖြစ်နေတယ်။ သည်ဆေးလိပ် အစီခံတိုတွေက ကျွန်တော့်အတွက် 'ဧကရာဇ်တို့ရဲ့ ဘဏ္ဍာတိုက်'။
ဆေးလိပ်ဖွာချင်တဲ့ ဆန္ဒရှိရင် ဆေးလိပ်တိုထဲမှ လက်ကျန်ဆေးသားတွေထုတ်၊ ထုတ်လို့ရတဲ့ ဆေးသားတွေကို စုပြီး ရှိတဲ့ စက္ကူစနဲ့ ပွတ်ချွန်းလိပ် ဖွာရတယ်။ ကျန်တဲ့ စက္ကူပတ်အစီခံကို ရေစိမ်၊ မပျက်မယွင်းအောင် စက္ကူကိုခွါ၊ အခြောက်ခံ၊ ပြီးမှ အစီခံစက္ကူမှာပါတဲ့ ပုံနှိပ်စာလုံး အပိုင်းအပြတ်တွေ ကို ပဟေဠိ အဖြေညှိသလို ဖတ်ရတယ်။ ခွါလိုက်တဲ့ စက္ကူက ၀တ္ထုစာအုပ်စက္ကူဆိုရင် ကျွန်တော် စိတ်ပျက်မိတာ အမှန်။ သတင်းစာ စက္ကူအပိုင်းအစဆိုရင် ကမ္ဘာဦးလူတွေ နေနဲ့လကို တွေ့လို့ ပျော်သလို၊ ကျွန်တော် ၀မ်းသာကျေနပ် မိတယ်။ ကျွန်တော် သိချင်နေတာက သတင်း။ သည်ဆေးလိပ်တို သတင်းက တခါတရံ နာရေး၊ တခါတလေ သာရေး၊ တခါတခါကျတော့ လျှောက်လှမ်းရမယ့် အနာဂတ် လမ်းမကြီးကို မပြည့်မ၀၊ မပြည့်မစုံ ဖော်ထုတ်လို့ရတဲ့ သတင်းအပိုင်း အစတွေ ပေးတယ်မဟုတ်လား။
အရှေ့မြောက်လေတိုက်အား ပြင်းထန် သဲသန်ရာမှ အီဆင်းလာတဲ့ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလရဲ့ ရက်တရက်မှာ ကွန်ကရိရွာကလေးထဲက ကျွန်တော်ရှိရာ 'ဓါးအိမ်ခန်းလေး' ထဲကို နာရေးသတင်းတပုဒ် ရောက်လာတယ်။ ဒီ နာရေးသတင်းဟာ ကျွန်တော်အပါအ၀င် သက်ဆိုင်တဲ့ အသိုင်းအ၀ိုင်းအားလုံးအတွက် နှမြောတသဖွယ်၊ ကြီးမားတဲ့ ဆုံးရှုံးမှုသတင်းဆိုရင် မမှား။ ဟုတ်တယ်။ ကျွန်တော်တို့တတွေ အတွက်တော့ အစားထိုး ဖြေဖျောက်လို့ မရနိုင်လောက်တဲ့ ၀မ်းနည်းတသ နေရမယ့် ဆုံးရှုံးမှုပါပဲ။
'ဆရာဦးမြသန်းတင့် ဆုံးပြီ' တဲ့။
တကယ်တော့ လူသားတယောက် မွေးဖွားတယ်၊ သေဆုံးတယ် ဆိုတာက မိခင်သဘာဝ တရားကြီး ဆီက လာပြီး၊ မိခင်သဘာဝတရားကြီးရဲ့ ရင်ခွင်ထဲကို ပြန်သွားတာသာ ဖြစ်တယ်။ မြေကမ္ဘာက သူ့ရင်သွေးကို သူပြန်ခေါ်တာပဲ ဖြစ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်၊ မိခင်သဘာဝတရားကြီး ဆီကို ပြန်မသွား သင့်သေးတဲ့ ဆရာဦးမြသန်းတင့်၊ ကျွန်တော်တို့ တတွေကို နယ်ပယ်တခုမှာ ရေနည်းငါးလို ချန်ရစ်ပြီး၊ ကျောပေးချိန် မတန်သေးဘဲ ရုတ်ချည်း ထွက်ခွါသွားရတဲ့ ဆရာဦးမြသန်းတင့်ရဲ့ နာရေးသတင်းကို မယုံချင်၊ မကြားဝံ့တဲ့ကြားမှ ကျွန်တော် ကြားလိုက်ရပြီ။ ဆရာဦးမြသန်းတင့် ဘာသာပြန်ခဲ့တဲ့ အနုပဋိလောမရုပ်ဝါဒထဲက (Necessity and Chance) တရားကို ရင်မှာပိုက် နှလုံးသွင်းပြီး၊ ဆရာ့နာရေး သတင်းကို ရင်တနင့်နင့် နားလည်လက်လျှော့ လက်ခံလိုက်ရသော်လည်း၊ ဆရာ့ကို မိခင်သဘာဝရင်ခွင်ထဲမှ ပြန်လုယူချင်တဲ့ ပြင်းပြစိတ်ဆန္ဒတွေ ကျွန်တော့်ရင်ထဲမှာ......။
(၂)
ကျယ်ပြောလှတဲ့ ဘင်္ဂလားပင်လယ်ပြာရဲ့ လှိုင်းခေါင်းဖြူကြီးတွေကို ကျော်ပြီး မြောက်ဖက် ကမ်းရိုးတန်းဆီ ငေးမောတမ်းတရာ နေရာမှ စမ်းချောင်းရပ်၊ ဖျာပုံလမ်းကို ဆရာ ပြန်ရောက်လာတဲ့ အချိန်မှာ၊ ဆရာ ဘာသာပြန်တဲ့ စစ်နဲ့ ငြိမ်းချမ်းရေး အတွဲ (၉)ကို ဖတ်ပြီး ဆတ်တငံ့ငံ့နဲ့ နောက်ထပ် အတွဲ (၃)ကို တောင့်တ ငံ့လင့်နေတဲ့ ကျွန်တော်တို့ ဆရာကို စတင် သိရှိခဲ့ရတယ်။ ကျွန်းတောလမ်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မြေး အိမ်မှာ။ ကိုဝင်းဇော်က ဆရာဘာသာပြန်ထားတဲ့ "ဒီရေမြင့်သစ်" လက်ရေးစာမူအထူကြီးကို လက်နှိပ်စက် စာမူတင်နေတယ်။ ဆရာ့လက်ရေးကို မဖတ်တတ်၊ ဖတ်မရလို့ ကိုဝင်းဇော်က မေးတဲ့အခါ ရှင်းလင်းပြောပြတဲ့ ဆရာ့အသံက ခပ်အုပ်အုပ်၊ ခပ်ရှရှလေး။ ကိုင်းအနက် မျက်မှန်အထူကြီးနဲ့ ဘောင်ခတ်ခံထားရတဲ့ ဆရာ့မျက်လုံးတွေကြောင့် ဆရာ့ရုပ်ပုံလွှာက မှုန်ကုပ် ကုပ်လို။ ဒါပေမယ့် ဟိတ်ဟန်မရှိတဲ့ ဆရာ့အပြောအဆို၊ သိမ်မွေ့တဲ့ ဆရာ့ပြောဟန် ဆိုဟန်တွေမှာ သံလိုက် စက်ကွင်းပါနေတယ်။ ပြောသမျှ စကားလုံးတွေက အီလက်ထရို မကဂ္ဂနက်တစ်ဝေ့ဖ်အလား။
ဒီရေမြင့်သစ် လက်နှိပ်စက်စာမူဟာ ချင်းတွင်းစာပေတိုက်က စာအုပ်အဖြစ်မထုတ်ခင် ကျွန်တော်တို့ အသိုင်းအ၀ိုင်းလက်ထဲမှာ တ၀ဲလည်လည် ခရီးဆက်နေခဲ့တယ်။ ကျွန်တော်တို့ကလည်း မနက်ဖြန် စာမေးပွဲဖြေရတော့မယ့် မူလတန်းကျောင်းသားလေးတွေလို တယောက်ပြီးတယောက် လက်ဆင့်ကမ်းကာ ဒီစာမူကို တရှိုက်မက်မက် ဖတ်မှတ်လေ့လာခဲ့ကြတယ်။ ဆရာက ကျွန်တော်တို့ အပေါ် ယုံကြည်နားလည်မှု ရှိရှိနဲ့ ဒီစာမူကြီးကို ပေးဖတ်ခဲ့တာမို့ ဆရာ့ကို ဟိုးယခင် လေးစားရင်းကို အခြေခံပြီး လေးစားရင်းထက် ကျွန်တော်တို့ ပို၍ လေးစား လေးနက်ခဲ့ရတယ်။
ဆရာက စာစုံ၊ ကဏ္ဍစုံရေးသားသလို စာစုံ၊ ကဏ္ဍစုံ ဘာသာပြန်တယ်။ ဂန္ထ၀င် ဘာသာပြန်၊ ၀တ္ထုရှည်ဘာသာပြန်၊ ၀တ္ထုရှည်ပင်ကိုယ်ရေး၊ ၀တ္ထုတိုဘာသာပြန်၊ ၀တ္ထုတိုပင်ကိုယ်ရေး၊ ကဗျာဘာသာ ပြန်၊ ကဗျာပင်ကိုယ်ရေး၊ ဆောင်းပါးဘာသာပြန်၊ ဆောင်းပါးပင်ကိုယ်ရေး၊ ရသစာတမ်းဘာသာပြန်၊ ရသစာတမ်းပင်ကိုယ်ရေး၊ ပြီးတော့ နိုင်ငံရေး၊ အတွေးအခေါ်၊ ခရီးသွားမှတ်တမ်း.....။ ကျွန်တော့်အထင် ဆရာ ဘာသာပြန်တာက ပင်ကိုယ်ရေးထက် ပိုများ များနေမလား မသိ။ ရေးတိုင်း၊ ဘာသာပြန် တိုင်းလည်း ဆရာ့စေတနာကို ဆရာ့ရေးသားချက်၊ ဘာသာပြန်ချက်တွေထဲမှာ ဆရာ့ဝိညဉ်ပျံဝဲနေသလို တွေ့ရတတ်တယ်။ လေရူးသုန်သုန် ဘာသာပြန် ဂန္ထ၀င် ၀တ္ထုရှည်ကြီးဆိုရင် ဖတ်ရသူများအတွက် ဘာသာပြန် ၀တ္ထုရှည်ကြီးတပုဒ်လို မဟုတ်ပဲ၊ ဆရာ့ပင်ကိုယ်ရေး ဂန္ထ၀င် ၀တ္ထုရှည်ကြီးတပုဒ်လို့ ထင်ရလောက်အောင် ဖြစ်နေမှာတော့ စာဖတ်သူအပေါ် ထားတဲ့ ဆရာ့စေတနာဟာ အီမောဘွန်း တောင်ရဲ့ တောင်ဘက်မှ ဘင်္ဂလားပင်လယ်အော်ရဲ့ မြောက်ဖက်ထိ ကြီးမား ကျယ်ပြောနေလောက် တယ်လို့ ကျွန်တော် ထင်တယ်။ ဆရာပါရဂူကို 'တတိယ ပြတင်းပေါက်' လို့ တင်စားရင် နိုင်ငံရပ်ခြား ကမ္ဘာ့စာပေကို ကျွန်တော်တို့အတွက် ဒုတိယဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကားမှ တဆင့် ထုနဲ့ထည်နဲ့ မနားတမ်း ဘာသာပြန်ဆို ရေးသားခဲ့တဲ့ ဆရာဦးမြသန်းတင့်ဟာ 'ဒုတိယပြတင်းပေါက်' ဖြစ်မယ်လို့ ကျွန်တော် သိစိတ်ထဲမှာ စွဲထင်နေတယ်။ (ဒါက ကျွန်တော့ပုဂ္ဂလိက အမြင်ပါ)
(၃)
တရက်။ ဆရာနဲ့ ကျွန်တော် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ကြတဲ့ ၁၉၈၃ ခုနှစ် နွေတရက်။ နေ့လယ် (၁) နာရီလောက်ရှိမယ့် နွေနေပူကျဲကျဲကြီးအောက်မှာ ဆူးလေဘုရားလမ်းကို ဖြတ်တော့မယ့် ဆရာ့ကို ကျွန်တော်တွေ့တယ်။ ကျွန်တော် ဆရာ့ လက်ဝဲဘက်နားကပ်ပြီး "ဆရာ... မျက်စိမမြင်တဲ့ ကြွက်က မျက်စိမြင်တဲ့ကြွက်ကို လမ်းပြပေးပါ" လို့ ခပ်တိုးတိုးလေး ကပ်ပြောလိုက်တယ်။ ဆရာက "ဟာ...ခင်ဗျားပါလား။ လာ..လာ မတွေ့တာ ကြာပြီ" ဟုတ်တယ်။ ကျွန်တော် နယ်ခြားကုန်သွယ်ရေး လေး လုပ်နေတာကြောင့် ဆရာနဲ့ မတွေ့ဖြစ်တာ နှစ်နဲ့ချီ ရှိနေပြီ။ ကျွန်တော်က ဆရာ့လက်ဝဲဘက် လက်မောင်းကလေးကို ကိုင်တွဲရင်း ဆရာ့နောက်နားလောက်ကနေ ခပ်ယို့ယို့လေး လိုက်လာတယ်။ အနော်ရထာလမ်းပေါ်က ဆူးလေမီးပွိုင့်ကို ဖြတ်ပြီး ဆရာနဲ့ကျွန်တော် 'ရွှေကြည်အေး' ကို ရောက်သွား ကြတယ်။
ကျွန်တော် ဖြတ်သန်းရမယ့် ရှေ့ခရီးကို စာပေအနုပညာနဲ့ လမ်းပြပေးနေတဲ့ ဆရာသုံးယောက် ကျွန်တော့မှာ ရှိတယ်။ ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော်တင်အောင်၊ ဆရာဦးမြသန်းတင့်။ သည်ဆရာကြီး သုံးဦးဟာ သူတို့နဲ့ လူချင်းမတွေ့ မသိမီကတည်းက ကျွန်တော့်အတွက် အတွေးအခေါ်၊ အတွေးအမြင်ပိုင်းမှာ အဦးဆုံး၊ အစောဆုံး မိဘရင်းတွေပါ။ (ကျွန်တော့ရဲ့ ခေါင်းကိုင်ဖခင်တွေကတော့ စာပေအနုပညာနယ်ပယ်မှာ အများကြီး ရှိနေပေမယ့် စာမျက်နှာကို ငဲ့လို့ ဆက်ရေးမပြရတာကို ခွင့်လွှတ်ပါ) ဆရာတို့အတွေး၊ ဆရာတို့အမြင်၊ ဆရာတို့ အယူအဆတွေဟာ ကျွန်တော်အဖို့ ကျွန်တော့်ရဲ့ နောက်တကြိမ် နှလုံးခုန်ချက်ထက် တန်ဖိုးကြီးတယ်။ ဘ၀လူလားမြောက်ခဲ့ရတာ ဆရာတို့ရဲ့ ကျေးဇူးကြောင့်။
"ခင်ဗျား ကျွန်တော့်ရဲ့ စာတွေ ဖတ်ဖြစ်ရဲ့လား" ဆိုတဲ့ ဆရာ့အသံကို ကျွန်တော် ကျက်မိနေလို့ ကျွန်တော် အတွေးရပ် သွားတယ်။ ဆရာမေးသင့်တဲ့ မေးခွန်းပါပဲ။ ထိုစဉ်က ဒိုင်ယာလက်တစ်ရဲ့ Law of Unity and Struggle of Opposites ဆိုတဲ့ တရားထဲက Struggle အပိုင်းကို ကဲ ကြည့်ခဲ့ကြတဲ့ ဂယက်ကလေးတခု ဆရာဦးမြသန်းတင့်ရဲ့ စစ်နှင့်ငြိမ်းချမ်းရေး စာပေဆုပေါ်မှာ ဗဟိုပြု ရိုက်ခတ်ခဲ့တာက အရှိန်မသေသေး။ "ဆရာတို့ စာတွေမှ မဖတ်ရင် ကျွန်တော်တို့ စာဘယ်ဖတ်ဖြစ်တော့မလဲ" လို့ ကျွန်တော့်ရင်ထဲ ရှိတာ ထုတ်ပြလိုက်ရတယ်။ ပြီးမှ ဟိုးယခင်က ရှုမ၀ထဲပါခဲ့တဲ့ ဆရာ့ဝတ္ထုတိုထဲက ကားလ်မာ့က်စ်ကို ကိုးကားထားတဲ့ စာကြောင်းတကြောင်း ရွတ်ပြတယ်။ ကျိုင်းတုံရောက်တိုင်း '၀' တွေ တည်တဲ့ဘုရားကို ရောက်တဲ့အကြောင်းလည်း ပြောပြတယ်။ ပြီး လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်မှုတိုက်ပွဲ၊ သိပ္ပံပညာစမ်းသပ်မှုတိုက်ပွဲ၊ ဇီမာဂျန်းရှင်း၊ ခန်းဆောင်နီ အိပ်မက်၊ ရေစီးကြမ်းတဲ့ ယမားချောင်း၊ လေညှင်းဆော်တဲ့ တောင်သမန်.....။
"ဟုတ်ပြီ။ ခင်ဗျားကို ဘာသာပြန်ထားတဲ့ စာမူတခု ပေးဖတ်မယ်"
"ဘာစာအုပ်လဲဆရာ"
"Jack Burden ရေးတဲ့ China Shake the World ကို ပြန်ထားတာ"
"အဲဒီစာအုပ် ကျွန်တော် ဖတ်ပြီးပြီ"
"ခင်ဗျား ဘယ်ကရလဲ"
"ကျွန်တော် 'ဘို' လိုဖတ်ရတာ ဆရာ။ ကျွန်တော့်ဆီကမှ ဆရာ့ဆီ ရောက်သွားတာ"
"အော...ဟုတ်လား။ ဒီလိုဗျ...ဒီစာအုပ် ဘာသာပြန်သာ ထွက်ရင် ကျွန်တော်တို့ဆီမှာ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ် ပြည့်စုံသွားပြီ။ ဒီစာအုပ်တအုပ်ပဲ လိုနေတယ်"
ဆရာ့စာဖတ်အား၊ ဆရာ့စေ့ငုမှု၊ ဆရာ့ကောက်ချက်ကို ကြားရလို့ ကျွန်တော် တုန်လှုပ်သွားတယ်။ တကယ်တော့ ဆရာက ပင်လယ်ကျယ်၊ ကျွန်တော်က ရေချောင်းငယ် မဟုတ်လား။ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန် နိုင်ငံရေးစာအုပ်တွေ ဖတ်မိသလောက် ပြန်စဉ်းစားတော့......
တရုတ်ပြည်ပေါ်ကကြယ်နီ (တင်ထွေး)၊ တရုတ်အင်အားပြိုင်ပွဲ (လူထုဒေါ်အမာ)၊ ဘ၀ချင်းမတူ တဲ့တရုတ်ပြည် (လူထုဒေါ်အမာ)၊ ဒီရေမြင့်သစ် (မြသန်းတင့်)၊ မီးလောင်မြေ (မြသန်းတင့်)၊ တောင်များ ၏တောင်ဘက်မှ ပင်လယ်များ၏မြောက်ဖက်သို့ (မြသန်းတင့်)၊ သန်းပေါင်း ၁၀၀၀ တရုတ်ပြည် (မမှတ်မိ)၊ ဥက္ကဌကြီးမော် (စိုးမြိုင်)၊ ချူအင်လိုင်း (အောင်ဇံ)၊ ချူအင်လိုင်း (မောင်တင်ရွှေ)၊ ချူတေး (မောင်တင်ရွှေ)၊ အမေရိကန်တွေ သိခွင့်မရတဲ့ တရုတ်ပြည် (လူထုဒေါ်အမာ)။
ဆရာပြောတဲ့ China Shake the World ဘာသာပြန်ကို အထက်ပါစာအုပ်တွေကြားမှာ မတွေ့ရ။ ဆရာဘာသာပြန်ပြီး ဘာကြောင့် မထုတ်ဖြစ်ခဲ့သလဲ။
တကယ်တော့ ဒီစာအုပ်က တရုတ်တော်လှန်ရေးနဲ့ ပါတ်သက်လို့ နည်းနာအရ အတော်ကလေး ပြည့်စုံတဲ့စာအုပ်လို့ ဆိုရလောက်တယ်။ လက်နက်ကိုင်တော်လှန်ရေးကာလ ပြောက်ကျားဒေသ အတွင်း လုပ်နည်းလုပ်ဟန်တွေ ပါတယ်။ ပြောက်ကျားဒေသတွင်း လယ်ယာမြေဝေခြမ်းရေး၊ ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးအတွက် ဘဏ်လုပ်ငန်း၊ စာတတ်မြောက်ရေး လှုပ်ရှားမှု....။ စာရေးသူက တရုတ် လက်နက်ကိုင်တော်လှန်ရေး သမားတွေနောက် တကောက်ကောက်လိုက်ပြီး မှတ်တမ်းတင် ရေးသား ထားတဲ့ တော်လှန်ရေး၊ နိုင်ငံရေး၊ လက်တွေ့စာအုပ်ဖြစ်တယ်။
(၄)
မှတ်မှတ်ရရ ထိုနေ့က တမိုးလုံး အုံ့ဆိုင်းမှောင်မိုက်လာပြီး မိုးတွေ စွေနေတဲ့ သြဂုတ်လ (၁၅) ရက်နေ့။ ကျွန်တော့ ကွန်ကရိအခန်းလေးထဲမှာ မိုးမှုန်ရေငွေ့တွေ ပြည့်နေတယ်။ ကျွန်တော့် စိတ်ဝိညဉ်က မိုးစက်၊ မိုးပေါက်၊ မိုးမှုန်တွေကို တိုးဝှေ့ ကျော်ဖြတ်ပြီး မြောက်ဘက် အဝေးတနေရာကို ရောက်နေတယ်။ ပြီးမှ ပွတ်ချွန်းကို တဖွာရှိုက်ရင်း ကျွန်တော့် အတွေးအာရုံတွေကို အခန်းထဲအရောက် ဆွဲခေါ် ပြန်သွင်းစုစည်းကာ မနေ့က အခြောက်ခံထားတဲ့ ကျွန်တော်ရဲ့ 'ဧကရာဇ်တို့ရဲ့ဘဏ္ဍာတိုက်' ကို ဖွင့်ဖတ်တယ်။ အစီခံစက္ကူပိုင်းထဲမှာ....
မြသန်းတင့်(အသ.....
လွန်ခဲ့တဲ့ ခြောက်လလောက်က ကွယ်လွန်သွားရှာတဲ့ ဆရာ့နာရေးကြော်ငြာ အပိုင်းအစလေး။ ဆရာ့နာရေးကြော်ငြာကိုတောင် အပြည့်အ၀ မမြင်တွေ့ရတဲ့ ကျွန်တော်....။
သည်တော့လည်း ဆရာညွှန်ခဲ့၊ ပြောခဲ့တဲ့၊ စကားကို ကျွန်တော် နောက်တကြိမ် ကြားယောင်မိ ပြန်တယ်။
"ဒီစာအုပ် ဘာသာပြန်သာထွက်ရင် ကျွန်တော်တို့ဆီမှာ တရုတ်တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပြန်စာအုပ် စုံသွားပြီဗျ" ။
အောင်မြိုင်
[ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ အမှတ် ၆ ၊ ဇူလိုင်၊ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။]
Monday, May 5, 2008
ဆရာမြသန်းတင့်ညွှန်ခဲ့သည့် စာအုပ်တအုပ်
Posted by လေ့လာရေး at 7:18 AM 0 comments
Labels: ဆောင်းပါး
Sunday, May 4, 2008
ဂေါ်ဂီရဲ့အမေ နှစ်တရာပြည့်ပြီ
ရဲဘော် ဖိုးသံချောင်း
မာ့က်စင်ဂေါ်ကီဆိုသူက အမေဆိုသော ၀တ္ထုရှည်ကြီးတပုဒ်ကို ၁၉၀၇ ခုနှစ်ထဲတွင် ရေးထုတ်လိုက်သည်။ ထိုအချိန်တွင် သူ့အသက်မှာ ၃၉ နှစ်ရှိနေပြီ။ ယခု အနှစ်တရာတိတိ ကြာသောအခါ ဤစာအုပ်ကို ဂုဏ်ပြုနေကြသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နှင့်လည်း အံဝင်ကြောင်း ပြောနေကြသည်။ ဤစာအုပ်နှင့် ပတ်သက်ပြီး မိမိဘ၀တွင် မှတ်လောက်သားလောက်များ ကျန်ရစ်နေသည်ကို ပြန်စဉ်းစားမိပါသည်။
ထိုစာအုပ်ကို ကျွန်တော်က ၁၉၆၃ ခုနှစ်တွင်မှ ဖတ်ရသည်။ အသက် ၁၈ နှစ် အရွယ်ပါ။ ကျောင်းသား လှုပ်ရှားမှုများ တွင်ပါဝင်မှုကြောင့် ကျွန်တော်ပြေးလွှား၊ ပုန်းအောင်းနေစဉ် အိမ်ကို လှမ်းမှာယူပြီး ဖတ်ခဲ့ခြင်း ဖြစ်ပါသည်။ ယင်းမှာ အင်္ဂလိပ်ဝတ္ထု ရှည်ကြီးတအုပ်ကို တသက်တွင် ပထမဆုံး ဖတ်ဖူးခြင်း ဖြစ်သည်။ လူကလည်း ပြေးလွှား ပုန်းအောင်းနေတုန်း၊ အားနေတုန်းမို့ စာ မျက်နှာ ၃၀၀ ကျော်လောက်ရှိသော စာအုပ်ထူကြီးကို နှစ်ရက်၊ သုံးရက်နှင့် အပြီးဖတ်လိုက်နိုင်ခြင်းကြောင့် အင်္ဂလိပ်လို ရေးထားသည့် စာအုပ်ထူကြီးများကိုဖတ်ရန် ကိုယ့်ကိုယ်ကို ယုံကြည်မှုရသွားစေခဲ့သည်ကို ကောင်းကောင်းမှတ်မိနေသည်။ ထို့ထက် ပိုအရေးကြီးသည်က ဤစာအုပ်ကို ဖတ်ပြီးနောက် သရုပ်မှန်စာပေ၏ အစွမ်းနှင့်အင်အားကို ကောင်းကောင်းသဘောပေါက် ယုံကြည်သွားခြင်းပင် ဖြစ်ပါသည်။ နောက်ပြီး ကိုယ့်နိုင်ငံရေး ယုံကြည်ချက်ကိုလည်း အားဖြည့်လောင်းသည့်အလား ခံစားခဲ့ရသည်။
ဤစာအုပ်မတိုင်မီက ပြည်တွင်းက၀တ္ထုပေါင်းများစွာကိုရော နိုင်ငံခြားဝတ္ထုဘာသာ ပေါင်းများစွာကိုပါ ကျွန်တော် ဖတ်ဖူးပါသည်။ အင်္ဂလိပ်လိုဆိုလျင်လည်း အတိုချုပ်ထားသော စာအုပ်တော်တော်များများ ဖတ်ဖူးပါသည်။ သို့သော် ဤ၀တ္ထုကိုဖတ်ပြီး နောက်ခံစားရသည့် ကျေနပ်မှု၊ အားတက်မှုမျိုး သည့်အယင်ဘယ်တုန်းကမှ မရရှိခဲ့ဖူးသည်မှာ အမှန်ပင် ဖြစ်သည်။ ဤ၀တ္ထုကိုဖတ်ရန် ကျွန်တော်တိုက်တွန်းမိသော လူအရေအတွက်ဆိုလျင်လည်း များလွန်း၍ မှတ်ပင် မမှတ်မိတော့။
‘အမေ’ကို ဗမာပြည်တွင် စာရေးဆရာဂုဏ်ရောင်နှင့် တောင်တွင်းဦးကိုကိုကြီးတို့ ဘာ သာပြန်ဖူးသည်။ နှစ်ဦးပေါင်းလျင် စောင်ရေသောင်းဂဏန်းရှိလောက်သည်။ ယခုပြန်ထုတ်ခွင့် ရလျင်လည်း ရောင်းရမည်ဟု ယုံကြည်သည်။ နအဖ ပြောနေသော “အမေ”ဆိုသော စံနှင့် တိုင်းတာကြည့်သင့်သည်။ ဂေါ်ကီ၏ အမေသည် ဖိနှိပ်မှုနှစ်မျိုးကို ရင်ဆိုင်တွန်းလှန်ကာ လူသုံးမျိုးကို ကိုယ်စားပြု သည်ဟု ဆိုနိုင်သည်။ သူသည် (၁) မိန်းမ။ (၂) မိခင်။ (၃) အလုပ်သမားဆိုသော လူသုံးမျိုး ကိုကိုယ်စားပြုကာ ယောက်ျားတို့၏ စိုးမိုးမှုဆိုသော အိမ်တွင်း ကျေးကျွန်ပြုမှုနှင့် လုပ်ခ၏ ကျေးကျွန်ပြုမှုဆိုသော စနစ်ဆိုးနှစ်ခုကို ရင်ဆိုင်တွန်းလှန်သူဖြစ်ပေသည်။ ‘အမေ’သည် နိုင်ငံရေးစကားတွေ ဖောင်အောင် ပြောနေသော သာလိကာဇာတ်ကောင်မျိုး မဟုတ်ချေ။ သူသည် မူလက နိုင်ငံရေးဟူ၍ နကန်းတလုံးမှ မသိရှာသော။ သူ့သား ပေဗယ်လ်နှင့် သူ့ရဲဘော်တွေ လုပ်သမျှကို မှောင်ရိပ်ထဲမှ စိုးရိမ်တကြီး စောင့်ကြည့်ကာ သက်ပြင်းတဖိုဖိုဖြင့် ဘုရားတ’ နေရှာသော မိန်းမကြီး တဦးသာလျင် ဖြစ်ပေသည်။ သည့်နောက်တွင်မှ သူသည်သူ့သားရဲ့ ရဲဘော် တွေအပေါ် သူ့သားလိုပဲချစ်ခင်လာကာ။ သံယောဇဉ် မွေးမိသော မိခင်တဦးဖြစ်လာသည်။ နောက်တဆင့်တက်တော့ သူသည် သူ့သားနှင့် ရဲဘော်များအတိုင်း သဘောပေါက် ယုံကြည်လာသည်။ ထိုမှထပ်တဆင့်တက်တော့ သူကသူ့သားတို့တတွေ အဖမ်းခံရချိန်တွင် ကျန်ရစ်သော တာဝန်များကို သူက ဆက်လုပ်ခြင်းပင်ဖြစ်လေသည်။
ဤဖြစ်ပေါ်တိုးတက်မှုမှာ အလွယ်တကူ ဖြစ်ပေါ်လာသည် မဟုတ်။ အတွေးအခေါ်ပဋိ ပက္ခပေါင်းများစွာကို ဖြတ်သန်းပြီးမှ တဖြည်းဖြည်း မြင့်တက်လာခြင်း ဖြစ်သည်။ လူတန်းစား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာလေလေ။ သူ၏ အသိ ပိုတိုးတက်လာလေလေ ဖြစ်ခဲ့သည်မှ သတိပြုစရာ ဖြစ်သည်။ တချိန်က သူ့အဖို့နားစိမ်းရုံမက တုန်လှုပ်စရာဖြစ်သော “နိုင်ငံရေး၊ အတွေးအခေါ်၊ အုံကြွမှု၊ တိုက်ပွဲ၊ ဆိုရှယ်လစ်”စသည့် စကားများကို မှောင်ရိပ်ထဲမှနားထောင်ရင်း သူယဉ်ပါးခဲ့ရသည်။ နောက်တော့ သူကိုယ်တိုင် အကောင်အထည်ဖော်သူဖြစ်လာတော့သည်။ သူ့မှာသူယုံကြည်သော ဘာသာရေးအတွက် သားဖြစ်သူနှင့်ငြင်းခုံသည်ကိုလည်း ဤစာအုပ် တွင်ဖတ်ကြရသည်။ ထို့ကြောင့်ဂေါ်ကီ၏ ‘အမေ’မှာ တခေတ်ထွန်းတယောက်ပေါ်။ လူထူး လူချွန်မဟုတ်။ အင်မတန် သာမာန်ကျသော သဘာဝမိခင်တဦးသာလျင် ဖြစ်နေသည်ကိုက ဤ စာအုပ်၏ အစွမ်းဖြစ်နေပေသည်။
‘အမေ့’အဖို့ သူ့သားနှင့်အပေါင်းပါတွေလုပ်နေ၊ ပြောနေသမျမှာ အဆန်းချည်း ဖြစ်နေခဲ့သည်။ ၀တ္ထုတနေရာတွင် သူက သူ့သား၏ရောင်းရင်း ယူကရိန်းသားကို ဤသို့ပြောသည်။ “မင်းတို့ကလည်း ထူးဆန်းလိုက်တာ။ မင်းတို့အားလုံး ရဲဘော်တွေလား။ အာမေးနီးယန်း တွေ၊ ဂျူးတွေ၊ သြစထရီးယန်းတွေ၊ မင်းတို့တတွေ စကားပြောနေလိုက်ကြတာဟာ တကယ့် မိတ်ရင်း ကျွမ်းဟောင်းတွေလိုပဲ။ မင်းတို့ဟာ ၀မ်းနည်းစရာရှိလည်း အားလုံးအတွက် ၀မ်းနည်းတယ်။ ၀မ်းသာစရာရှိလည်း အားလုံးအတွက် ၀မ်းသာတယ်၊ ”ဤသည်ကိုယူကရိန်းသားကြီး ရိုင်ဘင်က ယခုကဲ့သို့ ပြန်ပြောသည်- “ဟုတ်တယ်။ အားလုံးအတွက်ပဲ အမေ။ အားလုံးအတွက်ပဲ။ ကမ္ဘာကြီးဟာ ကျွန်တော်တို့အတွက်၊ ကမ္ဘာကြီးဟာ အလုပ်သမားတွေအတွက်ပဲ။ ကျွန်တော်တို့မှာ နိုင်ငံမရှိ၊ လူမျိုး မရှိဘူး၊ ရဲဘော်နဲ့ ရန်သူပဲရှိတယ်။
‘အမေ’ကို ဂေါ်ကီရေးတော့ သူ့အသက်မှာ ၃၉ နှစ်ရှိနေပြီ။ ထိုအခါတွင် သူသည်နာမည်ရ စာရေးဆရာဘ၀ ရောက်နေပြီ ဖြစ်ယုံမက နိုင်ငံရေးလုပ်သက်လည်း အနှစ်နှစ်ဆယ်ရှိ နေပေပြီ။ သူသည် ဆင်စွယ်နန်းပေါ်မှာ ငှက်ကလေးတွေပျံနေ။ ပန်းကလေးတွေ ပွင့်နေသည်ကို ကြည့်ကာစာဖွဲ့နေသူမ ဟုတ်။ ပေရေစုတ်ပြတ်နေသည့် အလုပ်သမားများအကြား နေထိုင်ကာ ကမ္ဘာကျော်စာများကို ထုတ်လုပ်နေသူဖြစ်သည်။ တကယ်တွင် ဂေါ်ကီ၏ဘ၀သည်ပင် ဂန္တ၀င် ၀တ္ထုကြီးတပုဒ်ဖြစ်သည်။
သူငါးနှစ်သားကတည်းက အဖေသေသည်။ ထို့ကြောင့် သူ့ကို အမေ့ဘက်က အဖိုးအဖွားများက ခေါ်ထားခဲ့သည်။ သူ့ကို ခိုင်းစားလို့ရတဲ့အရွယ်ဖြစ်တဲ့ ၈ နှစ်သားမှာပဲ သူ့အဖိုးကသူ့ကို ခိုင်းစားသည်။ ဖိနပ်ချုပ်ဆိုင်၊ ဘုရားကားရောင်းသည့်ဆိုင်၊ ပန်းကန်ဆေး၊ ဆေးသုတ်၊ အစုံပင်။ သို့သော် သူသည် ကျောင်းမတက်ဖူးချေ။ သူ ၁၂ နှစ်သားအရွယ်ရောက်တော့ အဖိုးအိမ်က ထွက်ပြေးတော့သည်။ ထိုအခါမှစှုသူသည် ခြေသလုံးအိမ်တိုင်ပြုကာ တနေရာမှ တနေရာသို့ သွားလာ ရှာဖွေစားသောက် ရတော့သည်။ ထိုအတွေ့အကြုံများကို သူ၏ “ကျွန်တော်၏ တက္ကသိုလ်များ” စာအုပ်တွင် ဖတ်ရှုကြရသည်။ သူမလုပ်ဖူးသော အလုပ်ဟူ၍မရှိ သလောက်ပင်။ သူသည် သူခိုး၊ ပြည့်တန်ဆာစသည့် လူ့အောက်လွှာဝင်များနှင့်လည်း ပေါင်းသင်းခဲ့ရသည်။ သူများအိမ် တွင် လုပ်ရသောအခါမျာ့း နှိပ်စက်မှုဆိုသည်မှာ သူ့အဖို့မဆန်းသောအရာ သာဖြစ်ခဲ့သည်။
ငတ်တလှည့်ပြတ်တလှည့်နှင့် အသက်ရှင်ရင်း တနေ့၊ သူအသက် ၂၁ နှစ် အရွယ်တွင် သူ့ကိုယ်သူ သေနတ်နှင့် ပစ်သေရန် ကြိုးစားခဲ့ဖူးသည်။သေတော့မသေ။ သို့သော် အဆုပ်ကို ဖောက် ထွက်သွားသဖြင့် တီဘီရောဂါဖြစ်ကာ ထိုရောဂါက သူ့ကိုသေသည်အထိ ဒုက္ခပေးသွားသည်။ သူသင်္ဘောပေါ်၌ အလုပ်ကြမ်းလုပ်နေစဉ် စာနာတတ်သော ထမင်းချက်တဦးက သူ့ကို စာသင်ပေးခဲ့သည်။ ထိုပညာနှင့်ပင် သူသည်တော်စတွိုင်း၊ ချက်ကော့ဗ်တို့နှင့် အပေါင်းအ သင်းဖြစ်ကာ ဆိုဗီယက် စာပေထုတ်ဝေရေးဌာန၏ တာဝန်ခံဖြစ်လာခဲ့သည်။ သူသည် လေးကြိမ်မျှအဖမ်းခံရကာ တရပ်တကျေးသို့ နယ်နှင်ဒဏ်လည်းခံရဖူးသည်။ သူသည် ၁၉၀၅ခုနှစ်တော်လှန်ရေးတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ သူ့ဘ၀တသက်တာမှာ ရုရှားနိုင်ငံတွင် ပေါ်ပေါက်သော နိုင်ငံရေးလှုပ်ရှားမှုတိုင်းတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သည်။ သူသည်လန်ဒန့် ကျင်းပသော ပထမအကြိမ်မြောက် ဘော်လ်ရှီဗစ်ပါတီကွန်ဂရက်ကိုတက် ရောက်ကာ အမေရိကန်သို့တကူးတကန့်သွား၍ အလုပ်သမားများအတွက် ရံပုံငွေကောက်ခံ ဖူးသည်။ သူ့ခရီးစဉ်ကို စီစဉ်သူများတွင် အမေရိကန်စာရေးဆရာများဖြစ်သော မာခ်တွိန်း၊ ဂျက်လန်ဒန်၊ အာ့ပ်တန်ဆင်ကလဲယား စသူတို့ပါဝင်သည်။
‘အမေ’စာအုပ်ကို အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ်ထုတ်လိုက်တော့ နယူးယောက်တိုင်းသတင်းစာက ဤသို့ဝေဖန် သုံးသပ်သည်ကို တွေ့ရသည်။ “စာဖတ်သူကို ထိုတော်လှန်ရေးသမား အစုလေးနှင့် တရင်းတနှီး ပေါင်းမိသွားစေသည်။ ထို့နောက်တွင် အမေနှင့်အတူ သူစာရွက်စာတန်းတွေ ဖြန့်ရာနောက်က ကောက်ကောက် လိုက်ပါနေမိတော့သည်။ သူက မှတဆင့် သူ့လူတွေကို နားလည်ယူရသည်။” ပါလာဂွေရာဗလာဆော်ဗာ ဆိုသော ဤမိခင်မျိုး ကမ္ဘာမှာ မည်မျရှိသနည်။ တကယ် ကောရှိရဲ့လား။ ဂေါ်ကီက စိတ်ကူးယဉ်ပြီး ဖန်တီးလိုက်လို့သာပေါ်ပေါက်လာတာလား။ မကြုံဖူး သူများအဖို့ တွေးတောစရာ ရှိသည်။ သို့သော် ဗမာပြည်ကဲ့သို့ အစိုးရဖိနှိပ်မှုကို ရာစုနှစ်တ၀က် ကျော် ဖြတ်သန်းခဲ့သည့်နိုင်ငံတွင်မူ ဤ‘အမေ’မျိုးပေါင်း များစွာကိုတွေ့ဖူးခဲ့ကြပေပြီ။ ရှစ်လေးလုံး အရေးအခင်းကို ဖြတ်သန်းခဲ့သူများတွင်လည်း ဤလို အမေမျိုးတွေ ရှိကြသည်။ ဒေါက်တာ မောင်မောင်က မီးဖိုချောင်ထဲက လူတွေမပါသေးဘူးလို့ စိမ်ခေါ်လိုက်တော့ ဤအမေမျိုးတွေ ထောင်နှင့်သောင်းနှင့် လမ်းပေါ်ကို တက်လာကြသည်။ ဂေါ်ကီ၏ အမေသည် ရုရှားနိုင်ငံက အမေမဟုတ်။ တကမ္ဘာလုံးမှ အမေဖြစ်သည်။
ရဲဘော်ဖိုးသံချောင်း (၂၀၀၇) ခုနှစ်တွင် ရေးခဲ့သောဆောင်းပါးအား ပြန်လည် ဖော်ပြခြင်းဖြစ်ပါသည်။
Posted by လေ့လာရေး at 4:08 AM 0 comments
Labels: ဆောင်းပါး
