Showing posts with label လူထုစာဆို ဗားတော့ဗရက် (ခင်မောင်အေး). Show all posts
Showing posts with label လူထုစာဆို ဗားတော့ဗရက် (ခင်မောင်အေး). Show all posts

Wednesday, May 14, 2008

လူထုစာဆို ဗားတော့ဗရက်

၁၉၂၀ ခုနှစ်နဲ့ ၁၉၃၀ ခုနှစ်အကြားက ဥရောပတိုက်မှာ စိတ္တဗေဒကို နက်နက်ရှိုင်းရှိုင်း လေ့လာ ခဲ့ကြတယ်။ အဲဒီအခါ စိတ္တဇရှုထောင့် အနုပညာဆရာတွေ ထွန်းကားလာကြတယ်။ ကိုယ်ခံစား ရသလိုရေးတဲ့ ကဗျာဆရာတွေ ဆိုပြီး လူ့လောကဖြစ်ရပ်တွေကို ကိုယ်တဦးတည်း ခံစားချက်နဲ့ မှတ်တမ်းတင်တယ်။ အဲဒီခေတ် ပြင်သစ်ပညာရှင်တွေရဲ့ ဝေဖန်နည်းဖြစ်တဲ့ လူမှုရေးပြဿနာ မှာ လူထုရှု့ထောင့်ကမကြည့်ဘဲ ပညာရှင်အုပ်စုဝင် တဦးရဲ့ ရှု့ထောင့်ကသာ သီးခြားတဦး တည်း (တသီးပုဂ္ဂလ၀ါဒ) အမြင်နဲ့ ငါးပွတ်ရာငါးစာချ ပြစ်တင်မှုပြုတယ်။ ရေတိုဝေဖန်မှုပြုတယ်။ ခြုံငုံတဲ့ နိုင်ငံရေးအဘိဓမ္မာတရပ်ရဲ့ ဦးဆောင်မှုကို မခံယူခဲ့ဘူး။ နောက်ဆုံးတော့ မင်းမဲ့ဝါဒ ဆံဆံ ငါတကောကော စိတ်ပျက်တဲ့လေသံတွေပဲ ထွက်လာကြတော့တယ်။ နိုင်ငံရေး မဆန်ဘူး လေ။

ဂျာမန်စာပေလောကရဲ့ ဘုရားတဆူဖြစ်တဲ့ စာဆိုကြီးဗားတော့ဗရက်ကတော့ တသီးပုဂ္ဂလ၀ါဒ ကို ဆန့်ကျင်ပြီး လူထုခံစားမှုဘက်က ကျယ်ပြန့်စွာ တိုင်းတာရှု့မြင်ပါတယ်။ ပုံစံအားဖြင့်လည်း လူထုက အသိအမှတ်ပြုပြီးလို့ လူထုထဲတိုးဝင်နိုင်တဲ့ ဂီတဆန်တဲ့ကဗျာပုံစံများနဲ့ စပ်ဆိုခဲ့တယ်။ ဗားတော့ဗရက်ဟာ ဟောဒီခေတ်ရဲ့ တဦးတည်းသော လူထုရှု့ထောင့်ကဗျာဆရာ၊ ပုံစံအရ ရော အကြောင်းအရာမှာပါ လူထုနဲ့အတူ အစဉ်ရပ်တည်တဲ့ ကဗျာဆရာ။ တဦးတည်းသော နိုင်ငံရေးကဗျာဆရာရယ်လို့ ဆိုလိုက်ချင်ပါတယ်။

ထင်သလို လွတ်လွတ်လပ်လပ် ကူးသန်းရောင်းဝယ်ရေးဆိုတဲ့ လာဇေဖဲယား ဆိုတဲ့မူဟာ လူတွေကို ဒုက္ခရောက် စေခဲ့ပြီမို့ ကမ္ဘာ့စီးပွားရေးလောကမှာ တယောက်ထဲရှု့ထောင့်က ရပ်တည်လုပ်ဆောင်ခွင့် မပြုတော့ဘဲ အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုနဲ့ စီမံကိန်းအသွင်အမျိုးမျိုး ဖော်ထုတ်နေကြတဲ့ မျက်မှောက်ခေတ်မှာ ယဉ်ကျေးမှုဆိုင်ရာ အခန်းကဏ္ဍမှာလည်းပဲ တဦးတည်းရဲ့ အနေအထားဟာ ဘောင်ကျဉ်းသထက် ကျဉ်းကျဉ်းလာပြီ။ ဗားတော့ဗရက်ဟာ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ခေါင်းဆောင် စာဆိုကြီးတယောက် ဖြစ်ပါတယ်။

ဗရက်ခေတ် ဂျာမဏီဟာ စစ်ရှုံးနိုင်ငံမို့လို့ အဖြစ်အပျက်ကို စိတ်ကူးယဉ်မကြည့်နိုင်ဘဲ ပကတိအခြေအနေ၊ စိတ်မှ အခြားဖြစ်သော အခြေအနေတွေအတိုင်း ရုပ်ပိုင်းကျကျကြည့်ပါတယ်။ ဗရက်ရဲ့ ပထမဆုံးကဗျာစာအုပ်ထဲမှာ အဲဒီသဘာဝကို ဇာစ်မြစ်ထဲအတွင်းနှိုက် ဝေဖန်ရေးနဲ့ တွဲစပ်တင်ပြရှုမြင်ခဲ့တယ်။ ဗရက်ကိုယ်တိုင်ကလည်း ပထမကမ္ဘာစစ်မှာ ၀င်တိုက်ခဲ့တဲ့ စစ်သားဟောင်းကြီးမို့ စစ်ရဲ့ ကြေကွဲစရာကောင်းအောင် လောကကို ဖျက်ဆီးတက်တာ နားလည်ခဲ့တယ်။ အကြင်နာတရားလွှမ်းမိုးမယ့် အနာဂတ်ကမ္ဘာကို မျှော်လင့်ထားတယ်။ ဒါပေမဲ့ အဲဒီ အနိဌာရုံတရားတွေရဲ့ လက်သည်ဟာ မမြင်တွေ့ရမဲ့ ကံတရားကြောင့် တန်ခိုးရှင်ကြီးတွေကြောင့်လို့ အဖြေမထုတ်ဖူး။ ရုပ်ပိုင်းကျကျ အဖြေရှာတယ်။ လူထုဖက်က လူထုခံစားမှုနဲ့ တိုင်းတာပြီး အဖြေထုတ်တယ်။

ဗရက်ခေတ် ဂျာမဏီမှာ အခြေခံလူတန်းစားတွေအတွက် အခွင့်အရေးအပြည့်ပေးမယ့် ဆိုရှယ်လစ်တော်လှန်ရေး လှိုင်းတံပိုးဟာ ပထမပိုင်းမှာ အလွန်ပဲအားကောင်းခဲ့တယ်။ တဖြည်းဖြည်းနဲ့ တော်လှန်ရေးလှုပ်ရှားမှုဟာ ယိုယွင်းလာပြီး အချောင်သမားတွေ နေရာတကာမှာ အခွင့်ထူးရပြီး ဇိမ်ခံနိုင်ကြတယ်။ ငွေစက္ကူတန်ဖိုး လျော့လာတယ်။ စီးပွားရေးကြပ်တည်းလာတယ်။ လူထုကြီးရဲ့ ဆင်းရဲခံနေရတာနဲ့ လူတစုဇိမ်ခံနေရတာ သိသိသာသာ ခြားနားလာတယ်။ အပေါ်စီးသမားတွေက အခြေအနေမှန်ကို မခံစားတက်ပေမယ့် ဗရက်အနေနဲ့တော့ လူထုအများစုဟာ ငရဲဘုံထဲမှာလိုပဲ စားဝတ်နေရေး ဒုက္ခပင်လယ်ဝေတာတွေ မြင်ခဲ့ပါတယ်။ တော်လှန်ရေးအသွင်ကနေပြီး အခြေအနေကြပ်တည်းရှုပ်ထွေးမှုကို အခွင်းကောင်းယူ အမြတ်ထုတ်လိုသူတို့ ကြောင့် တန်ပြန်တော်လှန်ရေးအန္တရယ်တွေက အနိုင်ရနေတဲ့ အခြေအနေဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ အခြေအနေဆိုးတွေဟာ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးဆိုက်တာနဲ့ ကြုံကြိုက်လို့ ပိုဆိုးဝါးလာပြီး ဘာလုပ်ရမလဲတွေးကြတော့ စိတ်ပိုင်းဆိုင်ရာ အဖြေထုတ်ခြင်းတမျိုးဖြစ်တဲ့ ရုပ်အခြေအနေတို့မှ ကင်းလွတ်သော စိတ်ကူးယဉ် ဖက်ဆစ်ဝါဒအခြေခံတဲ့ စိတ်ကူးယဉ် လူ့ဘောင်ကြီးကို တည်ဆောက်ဖို့ ကြိုးပမ်းသူတို့က အရေးသာကြပါတယ်။ အခြေခံအကျဆုံးကြည့်တဲ့ ဗရက်တို့အုပ်စုကတော့ ပြဿနာတွေဟာ အရင်းရှင်စီးပွားရေး ဆက်ဆံမှုကြောင့်သာ ဖြစ်ကြောင်းတွေ့ရှိလေတော့ နိုင်ငံတော်ရဲ့ယန္တရားကို တော်လှန်ပြောင်းလဲပစ်ရမယ်လို့ နားလည် သဘောပေါက်လာတယ်။ ဗရက်ဟာ နိုင်ငံရေးအယူအဆနဲ့ ခေတ်ကို လှပထက်မြက်အောင် ပေါင်းစပ်ရေးမှာ အစွမ်းကုန် အားထုတ်ခဲ့ပါတော့တယ်။

အဲဒီအချိန်တုန်းက ဂျာမဏီပြည်ရဲ့ အလုပ်သမားတွေဟာ နိုင်ငံရေးအရရော ယဉ်ကျေးမှုအရပါ ဥရောပတိုက်မှာ အတက်ကြွဆုံးပါပဲ။ လက်ဝဲအင်အားစုဟာ စည်းရုံးရေးအရှိန်အဟုန် ကောင်းလှတာမို့ အနုပညာရှင်များစွာပဲ အလုပ်သမားလူတန်းစားဘ၀ကို ခံယူကာ တသီးပုဂ္ဂလဥာဉ်တွေကို စွန့်ပယ်ကြပါတယ်။ ဗရက်ကတော့ အဲဒီကစပြီး သေတဲ့တိုင် ဒီအနေအထားမှာ ရှိတယ်။ လူထုလှုပ်ရှားမှုနဲ့ ကင်းလွတ်တဲ့ စာပေက၀ိကြီးဘ၀ကို ဆန့်ကျင်တယ်။ အဲဒီလို စာဆိုကြီးမျိုးတွေက အနုပညာနဲ့ စိတ်ကွန့်မြူးရုံပဲလုပ်မယ်။ လုပ်ငန်းရဲ့ ယူဆချက်တွေမှာ ထိန်းချုပ်ခြုံငုံတဲ့ သဘောတရားတွေမရှာပဲ ငါးပွတ်ရာငါးစာချပြီး လုပ်ဆောင်ယူဆတယ်။ အမြင့်ဆုံးအဆင့်မှာ ဘာသာရေးယုံကြည်ချက်ဆန်ဆန် ကိုယ်လွတ်ရုန်း အပေါ်ယံလူတန်းစားတွေရဲ့ အမြင်နဲ့ သုံးသပ်တယ်။ ဗရက်ကတော့ မာ့က်စ်ဝါဒကိုလက်ခံလိုက်ပြီး ဘာလုပ်မယ်၊ ဘယ်လိုတိုင်းတာ ဆုံးဖြတ်မယ်လို့ တိတိကျကျ သုံးသပ်တယ်။ အစိုးရကပြဌာန်းတဲ့ ကျောင်းစာအုပ်တွေ၊ သင်ရိုးညွှန်းတန်းတွေ အတိုင်းသင်တယ်။ တပည့်တွေ စိတ်ဝင်စားအောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆွဲဆောင်သလိုပဲ လူထုလက်ခံပြီး ကဗျာဖွဲ့နည်း၊ ကဗျာတင်ပြနည်းတွေနဲ့ တော်လှန်ရေးခရီးကို ညွှန်ပြပါတယ်။

အပိုစုလစ်မွမ်းချွန်းတွေကို ဗိသုကာပညာကလည်း ပစ်ပယ်ပြီး လိုအပ်တဲ့၊ လျော်ညီတဲ့ အဆောက်အဦးတွေ ဆောက်တဲ့ခေတ်လေ။ ပန်းပုဆရာတွေကလည်း ဒီလိုပဲ။ ဂျာမန်ဂီတဆရာတွေကလည်း လူစုလူဝေးနဲ့ သံပြိုင် သီဆိုစရာ သီချင်းတွေရေးတယ်။ ပန်ချီဆရာတွေကလည်း လူလက်ခံပြီးနည်းတွေနဲ့ ခံစားမှုကို သိပ်သိပ်သည်းသည်း ကျစ်ကျစ်လစ်လစ်ဖော်ထုတ် စမ်းသပ်တယ်။

ဗရက်ဟာ ဗဲလက်ခေါ်တဲ့ ကျေးလက်ကဗျာနဲ့ ဇာတ်နိပါတ်ခင်းသလိုပြောပြလို့ လူတိုင်းမြင်လွယ်တယ်။ ဂျာမန်ကဗျာတွေကိုယ်၌ကလည်း ဂီတကို သီကျူးနိုင်တဲ့ ကဗျာတွေမို့ ရိုးရာကဗျာဖွဲ့နည်း ပုံစံဘောင်အတွင်းက ဗရက်လည်း ကဗျာဖွဲ့တယ်။ လူထုတွေဝိုင်းဆိုနိုင်တဲ့ တိုက်ပွဲကဗျာတွေ၊ စစ်ချီကဗျာတွေ၊ သရော်ကဗျာတွေ ဖြစ်တယ်။

တခြားကဗျာဆရာတွေလိုတော့ စကားလုံးအပိုတွေ မသုံးချင်ဘူး။ စိတ်ခံစားမှုလွန်ကဲတာ ရှောင်တယ်။ နိမိတ်ပုံတွေကို အကန့်အသတ်နဲ့သုံးပြီး ဇာတ်ခုံပေါ်မှာ တကွက်ချင်း တကွက်ချင်း တင်ပြသလို ထိထိမိမိ ပုံဖော်တယ်။ အသေးစိတ်ကလေးတွေကိုတော့ သတင်းဆောင်းပါးမှာလိုပဲ စီကာစဉ်ကာထည့်သွင်းဖော်ပြတက်လို့ အင်မတန်ပီသတဲ့ သရော်စာကဗျာတွေ ဖြစ်လာပါတော့တယ်။

ဗရက်ဟာ သူလက်ခံတဲ့ ၀ါဒရှုဒေါင့်ဘက်ကနေ ထမင်းမရှိဘဲ စစ်မတိုက်နိုင်ဘူး ဆိုတာမျိုးတို့၊ ပြင်းထန်လှတဲ့ စစ်မြေပြင်ခရီးရဲ့အလယ်မှာ ချစ်မေတ္တာစိတ်ဓါတ်ဟာ မပွင့်လန်းနိုင်ဘူးတို့၊ လူတန်းစားအနေအထားချင်းမတူပဲ ပတ်ဝန်းကျင်ရဲ့ အခြေအနေပေးသလောက်သာ စိတ်ဓါတ်ရဲ့ပျော့ပျောင်းခြင်း၊ ခက်ထန်ခြင်းစတဲ့ အပြောင်းအလဲတွေ ဖြစ်လာရတယ်လို့ လူတန်းစားအနေအထားချင်းမတူပဲ ၀ါဒ လမ်းစဉ်တစ်ရပ်ကို အတူမဖော်ဆောင်နိုင်ဘူးတို့အစရှိတဲ့ အပြောင်းအလဲတွေကို ထူထောင်ကာ ဟစ်တလာရဲ့ အပေါ်စီးစိတ်ထားနဲ့ အတွင်းနှိုက်သုံးသပ်လိုတဲ့ ခံစားနေရတဲ့လူထုတွေရဲ့ မလွဲမသွေ ပဋိပက္ခဖြစ်တော့မယ့် အကြောင်းတွေတင်ပြခြင်းလည်းဖြစ်ပါတယ်။ လုပ်သားလူတန်းစားကို လုံးဝယုံကြည်အားကိုးတယ်။ ဒါပေမယ့် တင်ပြပုံက နည်းပရိယာယ်ကြွယ်ဝပြီး စိတ်ဝင်စားစရာကောင်းတယ်။

ဗရက်ဟာ သူ့ရဲ့ဗဲလက်ကဗျာတွေကို ဂီတာနဲ့တီးလို့ရအောင် သီကုံးခဲ့တယ်။ အိုက်စလာဆိုတဲ့ ဂီတပညာ ရှင်နဲ့တွဲပြီး လိုင်းရစ်ခေါ်တဲ့ ကဗျာမျိုးကို ဇာတ်သဘင်နဲ့ရုပ်ရှင်မှာ ထည့်သုံးဖို့ ဆောင်ရွက်ခဲ့တယ်။ ဗရက်ရဲ့ အလုပ် သမားလှုပ်းရှားမှုနဲ့ ပတ်သက်တဲ့ ကဗျာတွေကို အိုက်စလာက ဂီတသံသွင်းပြီး အပြည်ပြည်ကို ဖြန့်ချီအောင်မြင်ခဲ့ တယ်။ ဂျာမဏီပြည်၊ ရုရှားပြည်၊ အမေရိကန်ပြည်နဲ့ ပြည်တွင်းစစ်ကာလ စပိန်ပြည်တို့မှာ အလုပ်သမားချီတက်ပွဲ တွေလုပ်တော့ အဲဒီသီချင်းတွေဆိုကြတယ်။ မဗျာသာလူတစုသာ နားလည်တဲ့အဆင့်ကနေ လူထုအသုံးတော်ခံ ဘ၀ ရောက်ခဲ့ပါတယ်။ စိတ္တဇဆန်တဲ့ တသီးပုဂ္ဂလ၀ါဒကဗျာတွေ လွမ်းမိုးနေတဲ့ကာလဒေသတွေဖြစ်ပေမယ့် ဗရက်ဟာ ထိုးဖောက်ကျော်ကြားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

စာပိုဒ်ခွဲရာမှာ သံမှန်ကျူးသီးနေရာက ဖြစ်လိုက်နားလိုက်နဲ့ မညီမညာဖော်ပြကာ သူလိုချင်တဲ့အာနိသင် တွေ သက်ဝင်စေတဲ့တာကို ဘာသာပြန်ရာမှာလည်း အဲလိုပဲဖြစ်နေအောင် ကြိုးစားထားလိုက်ပါတယ်။ ဒီစပ်နည်း ကြောင့် ကာရံမဲ့ကဗျာဟာ လှပကြွလာပြီး သာမန်ကဗျာလောက် နားယာဉ်ရမခက်ခြင်း၊ စကားပြေထက်လဲ ပိုမိုထိ ရောက်ခြင်း အကျိုးများရခဲ့ပါတယ်။

နာဇီဝါဒက လက်ဝဲအင်အားစုကို ချေမှုန်းဖြိုခွဲလိုက်တဲ့အခါမှာ ဗရက်ဟာ နာဇီဝါဒဆန့်ကျင်ရေးကဗျာကို ထက်မြက်စူးရှစွာ ပြုစုပါတော့တယ်။ ဟစ်တလာ တက်စကတည်းက တပြည်မှတပြည်ရောက်ပြည်နှင်ဒဏ်အပေး ခံခဲ့ရပါတယ်။ သူ့ကဗျာတွေကို ဂျာမဏီအတွင်း တော်လှန်ရေးရဲ့အသံကို မှတ်ယူကြပါတယ်။ သူဟာ ဟစ်တလာရဲ့ တတိယဂျာမဏီနိုင်ငံတော်ကြီး (သဒ်ရိုက်)ကို သရော်ရေးသားခဲ့ပါတယ်။ အဝေးရောက်ဂျာမန်အမျိုးသားတို့ရဲ့ စာစောင်များကတဆင့်ဖြစ်စေ၊ အသံလွင့်ရုံကတဆင့်ဖြစ်စေ၊ ဒီကဗျာတွေကို ဖြန့်ဖြူးခဲ့တယ်။ ပထမကမ္ဘာစစ်ကြီး ပြီးစကရေးခဲ့တဲ့ စစ်ဆန့်ကျင်ရေး သရော်စာကဗျာတွေကအစ နောက်ဆုံးဖက်ဆစ်ဝါဒရဲ့ ကြောင်သူတော်အရေခွံ ကို တလွာချင်းခွာပြတဲ့ အထက်မြက်ဆုံးကဗျာတွေအထိ အားလုံးပဲဂျာမန်အတွင်း တော်လှန်ရဲ့အသံလည်းဖြစ်ပါ တယ်။ ချွတ်ခြုံကျနေတဲ့ဂျာမန်ယဉ်ကျေးမှု အတွေးအခေါ်ပိုင်းကို ပြင်ဆင်ဖို့ အားထုတ်ခြင်းလည်းဖြစ်ပါတယ်။

ဂျာမန်လူမျိုးအနေနဲ့ဖြစ်စေ၊ ဂျာမန်ယဉ်ကျေးမှုကို ပြန်လည်ထူထောင်ရေးမှာဖြစ်စေ၊ ပြောင်မြောက်အထိ ရောက်ခဲ့သလိုပဲ နိုင်ငံတကာအတွက်လည်း ဗရက်ရဲ့ကဗျာတွေဟာ တန်ဖိုးရှိလှပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ အနိဌာရုံတွေကိုလည်း ခံစားပြီးပြီ။ ကမ္ဘာပျက်လက်နက်ကြီးတွေကလည်း လူသားတချို့လက်ထဲမှာ ဆုပ်ကိုင်လျက်သားရှိနေတာမို့ လူမှုရေးနဲ့နိုင်ငံရေးအဆောက်အအုံကို မျက်ခြည်ပြတ်ဖြစ်သလိုထားလို့ မဖြစ်တော့ ဘူး။ မျက်မှောက်ခေတ်ကို အမွေနှောက်ဆုံးအရေးဆုံးပြသနာတွေကို ဗရက်ဟာ ကဗျာနဲ့ ပြေပြစ်ရှင်းလင်းအောင် ဆွေးနွေးတင်ပြထားပါတယ်။ သူဟာလူထုစာဆိုတစ်ဦးအဖြစ်နဲ့ ကဗျာသစ်တွေဖန်တီးပေးသူဖြစ်ပါတယ်ခင်ဗျား။

အိပ်ခ်ျအာဟေးစ်
(အင်္ဂလိပ်ဘာသာပြန်စာအုပ်နိဒါန်းမှ)
(အိပ်ခ်ျအာဟေးစ်၏ အင်္ဂလိပ်ဘာသာပြန်ကိုမှီး ဂျာမန်ဘာသာမှ တိုက်ရိုက်ပြန်ဆိုသည်။)

ဆက်ဖတ်ရန်...

Sunday, May 4, 2008

လူထုစာဆို ဗားတော့ဗရက်

တင်မိုး၏ အမှာ

မြန်မာကဗျာလောကတွင် ဘာသာပြန်ကဗျာစာအုပ်ဟူ၍ ထုပ်ထုပ်ပိုက်ပိုက်ပြုစရာ အနည်းငယ်သာ ရှိပါသည်။ တင်မောင်အေးက ဂျာမန်ကဗျာစာဆို ဗားတော့ဗရက်၏ ကဗျာအသီးအနှံများကို မြန်မာကဗျာကျီတိုက်ထဲသို့ သွင်းနှံလောင်းဖြည့်လိုက်သောအခါ ၀မ်းမြောက်ဖွယ် ကောင်းမှုတရပ်ပင်ဖြစ်ပါပေသည်။

တင်မောင်အေး၏ ဘာသာပြန်လက်ရာသည်ကောင်း၏ သို့မဟုတ် မကောင်း၏ဟူ၍ ဝေဖန္တိကပြုရန် ကျနော် မစွမ်းပါ။ သို့ရာတွင် တင်မောင်အေးသည် ကဗျာဘာသာပြန်ရာတွင် လက်စိမ်းတယောက်မဟုတ်ပါဟူ၍ကား ပြောနိုင်ပါသည်။ သူသည် ဒေါက်တာအက်ပတ် စုဆောင်းပုံနှိပ်အပ်သော ဂျာမန်မြန်မာကဗျာစာအုပ်တွင် ဂျာမန် ကဗျာစာစုကို မြန်မာဘာသာပြန်ဆိုခဲ့သူ လူငယ်တဦးပင်ဖြစ်ပါသည်။

ကျနော်တို့ မြန်မာကဗျာပရိသတ်သည် အများအားဖြင့် အင်္ဂလိပ်နှင့် အိန္ဒိယတို့မှလာသော ကဗျာအငွေ့အသက် များကို နစ်းရှိုက်လေ့ရှိပါသည် (၀ါ) နမ်းရှိုက်ခွင့်ရလေ့ရှိပါသည်။ အခြား မျိုးတူရေခြားနိုင်ငံများမှ ကဗျာတို့နှင့် အထိအတွေ့ အလွန်နည်းပါသည်။ တင်မောင်အေးသည် မြန်မာကဗျာနှင့် ဂျာမန်ကဗျာအကြား ပေါင်းကူးတံတား ထိုးပေးလိုက်ပါသည်။

ဗားတော့ဗရက်၏ကဗျာများကို ဖတ်ကြည့်ရသောအခါ စစ်မောင်းသံကို ကြားလိုက်ဘိသကဲ့သို့ ကြက်သီးမွှေးညှင်း ထလာပါသည်။ ဆံပင်မွှေးထောင်လာပါသည်။ ကဗျာများ၏အသံမှာ ဟိန်းလှပါသည်။ ကဗျာတေးသံမှ ဟုတ်ကဲ့ လား။ ကျည်ဆံတွေများလား။ ဤသို့ခံစားမိပါသည်။ ကျနော်သာ နာဇီဖက်ဆစ်ဖြစ်ပါသမင့် ဤနေရာတွင်ပင် ပွဲချင်းပြီး ကျဆုံးဖွယ်ရှိပါသည်။ ဤကဗျာများသည် ကဗျာများမဟုတ်။ လူများပါပေတကား။ ပြည်သူ သိန်းသန်းပါ ပေတကား။ ဤသို့မှတ်ချက်ချမိပါတော့သည်။

ဗားတော့ဗရက်၏ကဗျာများကို ဖတ်ကြည့်တော့မှ တင်မောင်အေး ဘာ့ကြောင့် သည်ကဗျာတွေကို ပြန်ချင်ကြောင်း နားလည်လာရသည်။ ဆိုရှယ်လစ်နိုင်ငံတကာတည်ဆောက်ရာတွင် ဤကဗျာများသည် မည်မျှအဖိုးတန်ကြောင်း သဘောပေါက်လာရသည်။ ဤကဗျာများသည် ဆိုရှယ်လစ်စိတ်ဓာတ်ကို ပုံသွန်းသော ဗိသုကာဖြစ်မည်မလွဲတည်း။

ဤမျှထက်ပို၍ ကဗျာအကြောင်းမပြောလိုပါ။ ကဗျာများကို ဖတ်လိုက်မိလျှင် ဖတ်သူ၏နှလုံးစိတ်ဝမ်းထဲ၌ ဤကဗျာများ အသက်ရှင်လှုပ်ရှားနေတော့မည်ဖြစ်ရာ ကျနော်ကနှစ်ဖြူးနေစရာမလိုပါ။ ကဗျာများကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါဟု တိုက်တွန်းနှိုးဆော်ရုံသာ ရှိပါသည်။

တင်မောင်အေးသည် စိတ်အားထက်သန်လှသော၊ အကျိုးများမည့် စွန့်စားမှုများကို ခုံမင်လှသော၊ ကဗျာကို အလွန်ချစ်တက်သော လူငယ်တဦးဖြစ်ရာ နောက်ထပ်၍ ကျနော်တို့က မတိုက်တွန်းစေကာမူ သူကတော့ ဆက်လက်ကြိုးစားထုတ်ဝေဦးမည်မှာ ယုံမှားဖွယ်မလိုပါ။

“ကျနော်တို့လူငယ်တွေဟာ ကျနော်တို့ကိုယ်ကျိုးကိုယ်စီးပွားသက်သက်အတွက် အသက်ရှင်နေမယ်ဆိုရင် ဘယ်မှာအသက်ရဲ့တန်ဖိုးရှိတော့မလဲဗျ” ဟူ၍ တတွက်တွက် ဂါထာရွတ်လေ့ရှိသူ တင်မောင်အေးက ဗားတော့ဗရက်၏ ကဗျာများကိုမှရွေး၍ ထုတ်ဝေလိုက်သည်မှာ ချီးကျူးရန်မှတပါး အံ့သြရန်မရှိပေ။ လုပ်သင့်လုပ်ထိုက်သော ကောင်းမှုတရပ်ကို ပြုခြင်းမျှသာဖြစ်ချေသည်တကား။

တင်မိုး (၁၇ - ၇ - ၀၇)

ဆက်ဖတ်ရန်...