Showing posts with label ဗသြ. Show all posts
Showing posts with label ဗသြ. Show all posts

Tuesday, May 27, 2008

အနှစ် ၆၀ လွန်တဲ့အခါမှာ

လွတ်လပ်ရေးရတာအနှစ် ၆၀ရှိသွားပြီ။
ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ကမ္ဘာမှာ၊ အထူးသဖြင့်အာရှတိုက်မှာ လွတ်လပ်ရေးရတဲ့ နိုင်ငံတွေအလျှိုလျှိုပေါ် လာကြတယ်။ ဒီအထဲမှာ အိန္ဒိယ၊ အင်ဒိုနီးရှားလို လူဦးရေအင်မတန်များတဲ့ နိုင်ငံကြီးတွေလည်းပါတယ်၊ လာအိုလို၊ ကမ္ဘောဒီး ယားလို နိုင်ငံငယ်တွေလည်းပါတယ်။ စထွက်တုန်းကတော့ အားလုံးအတူတူတာထွက်ခဲ့ကြတာပဲ။ ဒါပေမဲ့ ရာစုနှစ်တစ်ဝက် ကျော်လာလို့ ပြန်ကြည့်လိုက်တော့ ဗမာပြည်က နောက်ဆုံးမှာတရွတ်ဆွဲလိုက်နေတယ်ဆိုတာ တွေ့ကြရတယ်။ နအဖလက် ထက်ဗမာပြည်ရဲ့ ဒီနေ့ တဦးချင်းဂျီဒီပီနှုန်းက အာစီယံနိုင်ငံ တွေထဲမှာတောင် အနိမ့်ဆုံး။အာရှတိုက်မှာ ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်လာတဲ့နိုင်ငံတွေရဲ့ လွတ်လပ်ပြီးကာလ သမိုင်းတွေကို သုတေသန ပြုပြီးယှဉ်လိုက်ရင် ဗမာပြည်လောက် နိုင်ငံရေးအရ ဖိနှိပ်မှုပြင်းထန်တာ၊ ရှည်ကြာတာ၊ နိုင်ငံရေးအကျဉ်းသမားတွေ များပြား တာမရှိဘူးလို့ တွေ့ရမယ်ထင်တယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံသားချင်းအပေါ် ဖိနှိပ်ရာမှာကမ္ဘာရှားဖြစ်တယ်။ အမေရိကန်နဲ့ တောင်တိုက်ခဲ့ကြရတဲ့ ကိုရီးယား၊ ဗီယက်နမ်စတဲ့ စစ်ပွဲကြီးတွေ ပြီးပြတ်ကုန်ပြီ။ ပြည်တွင်းစစ်ဆိုတာတွေလည်း အာရှအရှေ့ ပိုင်းမှာ မကျန်တော့သလောက်ပဲ။ ဗမာပြည်မှာသာ - စစ်အုပ်စုတွေဟာ (လူဦးရေနဲ့ အချိုးအစားတွက်လိုက်ရင်) ကမ္ဘာ့အကြီး ဆုံး စစ်တပ်ကြီးတည်ဆောက်၊ ပြည်တွင်းစစ်ကိုတမင်မွေးပြီး ပျော်ပျော်ကြီးစစ်တိုက်စားနေတယ်။
လွတ်လပ်ရေးနဲ့ပြည်တွင်းစစ်၊ အမွှာလိုမွေးဖွားခဲ့တဲ့ ဗမာပြည်ကြီးဟာ ဒီစစ်ကြောင့်အမျိုးသားစည်းလုံးညီညွှတ်ရေး မတည်ဆောက်နိုင်ပဲ အမျိုးသားစီးပွားရေးဟာ အဘက်ဘက်ကခြွတ်ခြုံကျလာခဲ့တယ်။ ဒါနဲ့ပြောင်းပြန် ဒီစစ်ကြောင့်ပဲ စစ်အုပ်စု ခါးပိုက်ဆောင်စစ်တပ်ကြီးဟာ ကြီးထွားသထက်ကြီးထွားလာ၊ စစ်အုပ်စုနဲ့အပေါင်းပါတွေ ချမ်းသာသတက်ချမ်းသာလာတယ်။ အရှေ့တောင်နဲ့ တောင်အာရှမှာ အစောဆုံးလွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ခဲ့တဲ့ ဗမာပြည်ဟာ နိုင်ငံတကာအစည်းအဝေး တွေမှာ ခေါင်းမမော်နိုင်ယုံမက ဟိုလူကဝေဖန်၊ ဒီလူကဆုံးမနဲ့မို့ ခေါင်းပုနေရတဲ့ဘ၀ ရောက်နေရတယ်။
နအဖဟာ ဗမာပြည်ကို ကမ္ဘာ့အလယ်မှာဂုဏ်ယူနိုင်အောင် ဘာတွေများစွမ်းဆောင်ပေးနိုင်ခဲ့သလဲ။ စီးပွားရေး- တတိယနိုင်ငံအဆင့်ကနေ စတုတ္ထနိုင်ငံအဆင့်လျှောကျပြီး အကြွေးတွေလည်ပင်းရောက်နေတယ် (ဒါတောင်သူများတွေက ချေးမပေးကြလို့၊ နအဖကတော့ အကြွေးသာရရင် ဆင်တောင်အလကားယူမယ်ဆိုတဲ့ဟာမျိုး)။ လူမှုရေး- လူမှုဖူလုံရေးခံစား ခွင့်၊ အမတော်ကြေး စတာတွေဟာ သဏ္ဌာန်သာသာတောင်မှမရှိတော့။ ရှိသူနဲ့မရှိသူ၊ လူတန်းစားကွဲပြားမှုသိသာခြားနားလွန်း လို့ တရားရုံး၊ ဖြန်ဖြေရေးရုံး စတာတွေအားလုံးဟာ တံဆိပ်တုံးနှိပ်ရာသက်သက်ဖြစ်ကုန်တယ်။ ကျန်းမာရေး- စစ်အုပ်စုထိပ်သီး ပိုင်းသာမက ငွေးကြေး တတ်နိုင်သူမှန်သမျှ ပြည်ပထွက်ဆေးကုနေကြတယ်။ အာဟာရမပြည့်စုံသူတွေ၊ ဆေးဝါးမတတ်နိုင်သူ တွေ အများဆုံးရှိနေတဲ့ ဒီနိုင်ငံမှာမှ အေအိုင်ဒီအက်စ်ရောဂါက အဆိုးဝါးဆုံးနှိပ်စက်နေတယ်။ ပညာရေး- ကိုလိုနီခေတ်တုန်း က အိမ်နီးနားချင်းနိုင်ငံတွေကလူတွေ ဒီမှာလာပြီးပညာမျိုးစုံသင်ယူကြတာတွေရှိတယ်။ အခုတော့ သားသမီးကို ပြည်ပပို့ပညာ သင်ကြားစေရေး၊ ပြည်ပမှာပဲအလုပ် အကိုင် ရရှိစေရေးဟာ မိဘတွေရဲ့မျှော်လင့်ချက်တခုဖြစ်နေပြီ။ နိုင်ငံရေး- လက်ရှိကမ္ဘာမှာ နိုင်ငံရေးအကျဉ်းသမား အရေအတွက် အများဆုံးနဲ့ သက်တမ်းအရှည်ဆုံးစံချိန်တင်ထားတယ်။
လွတ်လပ်ရေးဟာ ဘာအဓိပ္ပာယ်များရှိသေးသလဲမေးစရာဖြစ်နေတယ်။ အာဇာနည်အဆက်ဆက်တို့ အသက်ပေး တိုက်ပွဲ ၀င်ခဲ့တာဟာ ဒီစစ်ဗိုလ်ချုပ်တွေ ကောင်းစားဖို့လားလို့လည်း မေးစရာဖြစ်နေတယ်။
လွတ်လပ်ရေးကို လွယ်လွယ်ကူကူရခဲ့တာမဟုတ်ဘူးဆိုတာ ဗမာနိုင်ငံသားတွေအသိဆုံးပဲ။ နယ်ချဲ့နိုင်ငံကြီးတွေချင်း စစ်ပွဲတွေ အသွင်နဲ့ ထိပ်တိုက်ဆောင့်နေကြတဲ့အကြားက ကိုလိုနီအမျိုးသားတရပ်က လွတ်လပ်ရေးရဖို့လုံးပမ်းရတယ်ဆိုတာ စွန့်လွှတ်ပိုင်း ဖြတ်မှုတွေလိုသလို နည်းပရိယာယ်တွေလိုလှတယ်။ အင်္ဂလိပ်ကိုလိုနီသခင်တွေရဲ့ ၉၁ ဌာန၊ ဒိုင်အာခီစတဲ့ မျက် စေ့လည်စရာ ချော့မြှူမှုအမျိုးမျိုးကိုဖယ်ရှားပြီး ဓနသဟာယနိုင်ငံစာရင်းထဲတောင်မ၀င်တဲ့ လုံးဝလွတ်လပ်ရေးကို ရအောင် တိုက်ပွဲဝင်ခဲ့ရတာ ဗမာပြည်က အမျိုးသားခေါင်းဆောင် အဆက်ဆက်နဲ့ ပြည်သူတွေရဲ့ ထူးခြားချက်ဖြစ်တယ်။ ဒီကြားထဲမှာ ဂျပန်ပေးတဲ့လွတ်လပ်ရေးကို ပါးနပ်စွာအသုံးပြုပြီး ဂျပန်ကိုပြန်တော်လှန်ခဲ့တယ်ဆိုတဲ့ ဂုဏ်ယူစရာအချက်လည်းရှိသေးတယ်။
အရှေ့တောင်အာရှနဲ့ တောင်အာရှမှာအစောဆုံးလွတ်လပ်ခဲ့တဲ့ နိုင်ငံဟာအခုအခါမှာ အဘက်ဘက်နောက်အကျ ဆုံးဖြစ်နေရတယ်။ စစ်အာဏာရှင်စနစ်ကြောင့်မို့ ဒီအဖြစ်ရောက်ရတယ်ဆိုတာ ဘာမှအငြင်းပွားစရာမရှိတဲ့အချက်ဖြစ်တယ်။ မိမိတို့ရဲ့ ဗမာနိုင်ငံကိုကမ္ဘာ့အလယ်မှာ ဂုဏ်နဲ့ဒြပ်နဲ့ ရပ်တည်နိုင်စေဖို့၊ ခေတ်မီစက်မှု၊ သိပ္ပံနည်းပညာများထွန်းကားတဲ့၊ ဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်စေဖို့ဆိုရင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရမယ်ဆိတာလည်း ရှင်းနေတယ်။
ဗမာပြည်သားများအနေနဲ့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသလိုပဲ စည်းလုံးညီညွှတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံ မှု၊ နည်းပရိယာယ်ကြွယ်ဝမှုတွေ ဖော်ပြကြရအုန်းမယ်။
ဒီနေ့အခါမှာ နိုင်ငံတကာ့အခြေအနေက ဗမာပြည်သူပြည်သားတွေ ကိုယ့်ဖာသာလုံးပမ်းတိုက်ခိုက်မှရမယ်ဆိုတာကို ပြဌာန်းနေတယ်။ ကယ်တင်ရှင်မျှော်ကိုးမှု၊ စိတ်ကူးယဉ်မှုတွေကို ဖယ်ရှားပြီး ‘ငါသာလျှင်အရှင်သခင်၊ ငါသာလျှင် ငါ့သမိုင်း ဖန် တီးသူ’ ပီသစွာ တိုက်ပွဲဝင်ကြရမှာပဲ။ စစ်အုပ်စုကို ထိထိရောက်ရောက်ထိုးနှက်နိုင်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့ စက် တင်ဘာအရေးအခင်း စိတ်ဓာတ်တွေကိုကိုင်စွဲ၊ အဲဒီက သင်ခန်းစာတွေထုတ်၊ အတုယူစရာတွေယူပြီး အောင်ပွဲအလံကိုလွှင့် ထူကြပါစို့။
၂၀၀၈ခုနှစ်ကို တိုက်ပွဲဝင်စိတ်ဓာတ်၊ အောင်ပွဲခံသန္နိဌာန်နဲ့ လှမ်းဝင်ကြပါစို့။

ဗသြ

ဆက်ဖတ်ရန်...