Showing posts with label ဒဂုန်တာရာ. Show all posts
Showing posts with label ဒဂုန်တာရာ. Show all posts

Tuesday, May 27, 2008

ဇာတိရနံ့

နာဂစ်က မြစ်ဝကျွန်းပေါ်ကို ကြေမွစေခဲ့သည်။ နာကျင်စွာမြင်တွေ့နေရသည်မှာ မြစ်ဝကျွန်းပေါ်က လူတွေ၊ ဘ၀တွေ၊ အိုးအိမ်စည်းစိမ်တွေ၊ သိမီလိုက်သူများကတော့ ကမ္ဘာစစ်ထက်ဆိုးရွားတဲ့ သေဆုံးကြေမွမှုလို့ပြောကြ။ ဒီဒေသတွေထဲမှာ ဆရာကြီး ဒဂုန်တာရာရဲ့ ဇာတိမြေလည်းပါဝင်ခဲ့။ ထိုင်ကူမြစ်တန်း၊ သမတ်ပြေ၊ မြို့အသေးလေး ကျိုက်လတ်၊ အမျိုးသားကျောင်း (ယခု အထက - ၂)၊ ဖျတ်ခနဲ တွေ့လိုက်ရသည့် တိလောကမာရိဇိံတန်ဆောင်းထဲက နာဂစ်လူမမာတွေ၊
ဗေဒါမမျော လူသေမျောပေါ့။ ငှက်သမ္မာန်အစား အိမ်ယာတွေသာသွားနေကြ။ ကနစိုကြား လူသေနားခဲ့။ ဓနိပင်တန်း မြစ်ကမ်းတလျောက် သက်ရှိသက်မဲ့ အပျက်အစီးများက ဒီရေအတိုင်းစုံဆန်မျောပါ။ ဇာတိရနံ့ လွမ်းမောတတ်သည့် ဆရာကြီး၊ ဒီသတင်း၊ ဒီအရုပ်၊ ဒီအသံ၊ ဒီအရိပ်တွေကြား လှိုက်မောနေပေလိမ့်။ သိမ့်တုန်ခုန်လှုပ်နေပေလိမ့်။ အိမ်လွမ်းစိတ္တဇ။
လေ့လာရေးလည်း ဇာတိအတွက် လှိုက်မောနေမိသည်။ လေ့လာရေးက အထက - ၂ ကျောင်းသား။ တိတ်ဆိတ်သော၊ ရိုးအေးသော၊ ညင်သာသော၊ သိမ်မွေ့သော မြို့အသေးလေး။ ဦးပြုံးချိုကျောက်တိုင်။ မြန်မာ့ဩဘာကလပ်၊ ၁၉၂၀ - သပိတ်မှောက်ကျောင်းသားကြီးရဲ့ ဂူဗိမ္မာန်၊ အမျိုးသားကျောင်း - အထက ၂၊ ခရေပင်တန်း၊ ကုက္ကိုလ်လမ်းနှင့် ဗန်ဒါအရိပ် လွမ်းအတိတ်။ အိမ်လွမ်းစိတ္တဇ။ ထိုအလွမ်း၊ ထိုစိတ္တဇဖြင့်ပင် ဆရာကြီး ဒဂုန်တာရာ၏ ဇာတိရနံ့အား ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်။

ဇာတိရနံ့
ဒဂုန်တာရာ

အရွယ်ကြီးလာသောအခါ မိမိဖြတ်သန်းလာသော အတိတ်သည် လန်းဆတ်၍ လာ တတ်သည်၊ ၁၉၆၃ က ၆၇ အထိ ကျွန်တော်သည် ဆိတ်ဖလူးရနံ့ သင်းပျံ့ရာနေရာတွင် နေခဲ့ဖူးသည်။ ထိုအခါက ညအိပ်ရာဝင်လျှင် အတိတ်တို့သည် ကျွန်တော်၏ အသိညာဏ်ကို နှိုးဆွလိုက်သည်။ တွေးစရာများ ပေါ်လာတတ်သည်။ မိမိဖြတ်သန်းလာခဲ့သော သမိုင်းအတွေ့ အကြုံများကို သုံးသပ်မိလာသည်။
မိမိဘ၀ ဖြတ်သန်းမှုကိုလည်း တွေးမိလာသည်။ သမိုင်းဖြတ်သန်းမှုနှင့် ဘ၀ဖြတ်သန်းမှု ဆိုသည်ကလည်း သီးခြားမဟုတ်၊ ဆက်စပ်နေသည်။ သမိုင်းခေတ်ကို ပြန်လည်တွေးမိ လိုက်သည်။ ဘ၀ကို သုံးသပ်မိလာတတ်သည်။ ကျွန်တော်နှင့် ခေတ်ပြိုင်ရွယ်တူ ကျောင်းနေဖက် အပေါင်းအဖက်တို့သည် တဖြည်းဖြည်းနှင့် သိတ်မရှိကြ။ ကျွန်တော်၏ နုပျိုစတွင် သိကျွမ်းခဲ့သော သူတို့သည်လည်း သူတို့၏ အတိတ်သမိုင်းနှင့်သူတို့ ရှိနေကြသည်။ အချို့လည်း ကျန်သေးသည်။ အချို့လည်း မရှိတော့။
ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုလှရွှေ၊ ကိုလှမောင်၊ ကိုဘဆွေ၊ ကိုကျော်ငြိမ်း စသူတို့သည်လည်း မရှိကြတော့ပြီ။ သူတို့၏ နိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြ ပြီးပြီ။ စာပေဖက်က ကြည့်လျှင်လည်း ဒုတိယမျိုးဆက်အစဟု ဆိုနိုင်သော ဗန်းမော်တင်အောင်၊ မြသန်းတင့်၊ ကိုကြည်လင်၊ ကိုကျော်အောင် စသူတို့လည်း မရှိကြတော့။ သူတို့သည်လည်း သူတို့၏ စာပေတာဝန်ကို ထမ်းဆောင် ခဲ့ကြပြီးပြီ။ ကျွန်တော်သည် နောက်ထပ်မျိုးဆက်သစ် များနှင့် ထိတွေ့ရပြန်သည်။ ထိုအခါ မျိုးဆက်ကွာဟမှုဟူသော စကားရပ်ကို သတိပြုမိသည်။ သမိုင်းမှတ်တမ်း မှတ်ရာများကို ရေးဖွဲ့သောအခါ အစက ပြန်၍ ကောက်ကြရသည်။ သူတို့ မမီ သော ခေတ်ကို သူတို့ သိချင်ကြသည်။ ကျွန်တော်ကလည်း ယင်းသူတို့ မမီသော ခေတ်ကို ဖွဲ့နွဲ့ ဖော်ပြမှသာလျှင် သူတို့ အတွေးများသည် ပို၍ ရှင်းလင်းကြည်လင်လာမည်ဟု ယူဆမိသည်။ ယင်းတို့ပင် အရွယ်ကြီးရင့်လာသည့်အခါ ခံစားတတ်သော အတိတ်ဝေဒနာများကို အိမ်လွမ်း စိတ္တဇဟူသော စကားရပ်ဖြင့် ကျွန်တော် ဖွဲ့နွဲ့ဖော်ပြခဲ့ဖူးပြီ။
ကဗျာဆရာ၊ ၀တ္ထုရေးဆရာ စသော ဖန်တီးသော အနုပညာရှင်တို့သည် မိမိတို့ ဖြတ်သန်းခဲ့သော ခေတ်များမှ အဖြစ်အပျက်များကို ပြန်၍ရေးချယ်ပြတတ်သည်မှာ သဘာဝတ္တ တရားဟု ဆိုနိုင်မည်။ စိတ်ကူးသက်သက် ဆိုသည်မှာ ရှားသည်။ မိမိအတွေ့အကြုံကို စိတ်ကူးဖြင့် အဖွဲ့အနွဲ့များ ထုံယစ်ရသည်။ ထို့ကြောင့်ပင်လျင် စာပေဝေဖန်ရေးဆရာတို့သည် စာရေးဆရာတဦး၏ စာပေများကို သီးသီးသန့်သန့် ဟူသော သဘောဖြင့် လေ့လာသောအခါ သူ၏ အရေးအသား စာပေသာမက သူ၏ဘ၀ကိုလည်း ယှဉ်တွဲလေ့လာကြသည်ကို တွေ့နိုင်သည်။

(ခ)
ကျွန်တော်သည် လွန်ခဲ့သော ၁၀ နှစ်ခန့်က မြို့ပြမှ ခွါ၍ မြို့ပြမှ မိုင် ၃၀ ကွာဝေးသော ဥသာရိုးမအဖျားစ တောရိပ်တောင်ရိပ်တွင် နေခဲ့သည်။ "စက်ရုံကျေးလက်" ဟူသော ခေါင်းစဉ်ဖြင့်ပင် ကဗျာတပုဒ် ရေးသားဖွဲ့ခဲ့ဖူးသည်။ ကျေးလက်၊ တကယ်တော့ ကျေးလက်ဆို သည်မှာ ကျွန်တော်၏ မွေးဇာတိဖြစ်သည်။ ကျွန်တော်မွေးဖွားသော နေရာမှာ ဧရာဝတီမြစ် ကမ်းနဘေးရှိ ရွာသိမ်ရွာငယ်ကလေး ဖြစ်သည်။ ကြီးလာသောအခါ မြို့ပြရောက်ပြီးလျင် ကျောင်းသားဘ၀၊ လူထုအဖွဲ့အစည်းထဲတွင် ပါဝင်သောဘ၀ဖြင့် ရောယှက်ကာ ရှိခဲ့သည်။
ယင်းသို့ ဘ၀များဖြင့် ကျော်လွန်ခဲ့ပြီးနောက် တောကျေးလက်တနေရာတွင် ရောက်နေ သောအခါ ဇာတိရနံ့တို့သည် ဘယ်ကဘယ်လို ရောက်လာသည်မသိ၊ မွှေးမြလာသည်။ ကျွန်တော်၏ တူမဖြစ်သူက ၇၀ ပြည့်နှစ် မွေးနေ့ကို ယင်း ကျေးလက်ရွာကလေးတွင် စီစဉ်ပေး၍ မိတ်ဆွေဟောင်းများ၊ အတွေ့ရနည်းသော စာပေမိတ်ဆွေများနှင့် ဆုံတွေ့ရသည်။ အပေါင်းအသင်းတွေနဲ့ ဆုံတာပေါ့ဟု၊ သည်စကားကို ကျေနပ်သွားသည်။ မွေးနေ့ဆိုသည်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ချင်၍ မဟုတ်။ အခမ်းအနားများကို ကျွန်တော်ကြိုက်သည်မဟုတ်။
သို့သော် ရိုးရိုးလေးပင် အခမ်းအနားမပါ လုပ်ခဲ့၍ အစက သဘောမကျသော်လည်း ကျေနပ်ခဲ့ရသည်။ ကျွန်တော်နေထိုင်ရာ ကျေးလက်ကို "မိမိကိုယ်ကိုမဲဇာပို့ခြင်း" ကဗျာခံစားမှု ကဗျာဖွဲ့နွဲ့ခဲ့သည်။ ဒုတိယမွေးနေ့ကို ယင်းရွာလေးရှိ ဘုန်းကြီးကျောင်းတွင် လုပ်သည်။ အစက မတွေးမိ။ ဘုန်းကြီးကျောင်းတွင် လူများနှင့် ဆုံတွေ့ရသောအခါမှ အိမ်လွမ်းစိတ္တဇ ဖြစ်လာသည်။ ပေါ်လာသည်။
ဘုန်းကြီးကျောင်းဆိုသည်မှာ ကျွန်တော် မွေးဖွားရာရွာမှ အိမ်ကလေးနှင့် ကပ်လျက် ဘုန်းကြီးကျောင်း။ ကျွန်တော် ရှင်ပြုရာ ကိုရင်ဝတ်ရာကျောင်း။ ဇာတိ ထုံရစ်လာတော့သည်၊ ကျွန်တော်က ကျေးလက်တွင် မွေးဖွားပြီး ကျေးလက်တွင် ကြီးပြင်းရသည်မဟုတ်။ မွေးစတွင်သာ ကြီးပြင်းပြီး၊ ထို့နောက် ကျောင်းနေသော ဘ၀ကစပြီး မြို့ပြတွင်သာ အနေများ တော့သည်။ နိုင်ငံခြား မြို့ပြများကိုလည်း ရောက်သွားသည်။ ထို့နောက် ကျွန်တော်၏ အိမ်လွမ်းစိတ္တဇက စ၍ မိမိဖြတ်သန်းခဲ့သော ဘ၀များ၏ အတိတ်သည် ကျွန်တော်၏ ရင်တွင်းသို့ သက်ဆင်းကျရောက် ဆွတ်ပျံ့ရီဝေလာသည်။
ထိုအခါ ကျွန်တော်သည် မနေနိုင်တော့၊ အောင့်၍ မထားနိုင်တော့။ မိမိခံစားမှုကို စာလုံးများဖြင့် ဖွဲ့သီ ယက်ဖောက်လာမိတော့သည်။ မေ့ပျောက်နေပြီဟု သာမန်အားဖြင့် ထင်မှတ်ခဲ့သော အတိတ်၏ ပုံကားချပ်၊ အသံ၊ အရောင်၊ ရနံ့ တို့သည် ဘယ်ကနေ ပေါ်ပေါက်လာသည် မဆိုနိုင်။ ကဗျာစကားလုံးတို့တွင် ပြိုးပြက်ကြွရွ မွှေးမြ လန်းဆတ်လာ ခဲ့သည်။
သြော် ကဗျာဆိုသည်ကား ခံစားမှု၏ ကိုယ်စားပြုရာ မဟုတ်ပါလား။

ဇာတိရနံ့

ငါမွေးဖွားရာ
မွန်ကျေးရွာတခု၊ ဧရာဝတီ
စိမ်းမြဖန်ကွဲ၊ ကွဲအက်စီးယှက်
မြစ်လက်တက်ဘေး၊ ရွှံ့ စေးပျော့ဖတ်
ဇလပ်ပင်တန်း၊ မြစ်ကမ်းကိုင်းကျ
အိမ်ခေါင်းရင်းမှ၊ ကွမ်းသီးခြံက
အိမ်ရှေ့ကမ်းစပ်၊ စောင်းလျားပင်တန်း
လွှမ်းမိုးရိပ်အုပ်၊ လှေဆိပ်တံတား
သမ္ဗန်လှေများ၊ လှော်ခတ်သံကြား
စပါးကျီက၊ အိမ်ဘေးမှလျှင်
လယ်တခွင်လုံး၊ ကြည့်၍မဆုံး
ကနစိုငုတ်၊ နီပုတ်အမြစ်
ဗျိုင်းအုပ်နားရာ၊ ကဏန်းခိုရာ
အစိမ်းထဲမှ၊ အနီကွက်ကျား။

ကွမ်းခြံလွန်သော်
အုတ်စီလမ်းမှ၊ သွားရသည်ကား
အဘိုးအဘွား၊ တည်ထားလှူထား
ခြင်္သေ့နတ်လမ်း၊ စင်္ကြန်ခန်းနှင့်
လက်ရန်းလှေကား၊ စိန်တောင်သွားနှင့်
ကျွန်းသားတိုင်လုံး၊ ရွှေရောင်ပြက်ဖုံး
ဘုန်းကြီးကျောင်းမှာ၊ ကိုရင်ဝတ်ခဲ့။

ငါ့အဖော်ကား
ကျေးသားဇလပ်သီး၊ ဖားပုစွန်လုံး
လင်းမြွေနက်မှောင်၊ ချောပြောင်ကျွဲမျှော့
ရွှံ့ပျော့ငါးပြေး၊ အဝေးပျံသွား
ဗျိုင်းအုပ်များနှင့်၊ ကြိုးကြာငှက်များ
ကောက်ရိုးနံ့၊ ဒိုက်ချွဲနံ့
ငှက်ပျောရွက်နံ့၊ ခိုချေးနံ့
ကြေးစည်သံ၊ ဆန်ဖွပ်သံ
လှေခတ်သံ၊ နွားအော်သံ
ဂရို့ချိုးသံ၊ စပါးလောင်းသံ
အစိမ်းလယ်ကွင်း၊ အ၀ါတလင်း
အပြာမိုးသား၊ နေများ လများ ကြယ်များ
ဖြတ်သန်းသွားခဲ့၊ လှုပ်ရှားရင်ခုန်
ငါ့အားမွေးဖွား၊ တောကျေးလက်။

ငါ့အမေကား
လယ်မြေသမီး၊ ငါ့အဖေက
ဘလုပ်ဘရားသား၊ အ၀ယ်တော်ပွဲစား
အဖေသွားရာ၊ မြို့ပြသွားနေ
ဗန္ဓုလဂျာနယ်၊ တိုက်နှင့်မဝေးပြီ
ကီလီလမ်းမှ၊ ၀ီလျံလမ်းကြား
ဖြတ်သန်းပြောင်းရွှေ့၊ ဓာတ်ရထားလမ်းတွင်
ကျောက်ခဲတင်ခဲ့၊ မီးတောက်လက်လာ
ငါစောင့်ကြည့်ရာ၊ ပျော်စရာပ
အမျိုးသားကျောင်း၊ မက်သောဒစ်ကျောင်း
ယူနီဗာစီတီကျောင်း၊ ပညာသင်ကြား
ကျောင်းသားဘ၀၊ မြို့ပြမှာသာ
ငါကြီးပြင်းခဲ့ရ။

ကျောင်းထွက်ပြီးက
ကတ္တရာနက်လက်၊ ပြောင်နက်လမ်းကျော
အင်္ဂတေချော၊ ကတ္တီပါမြက်ခင်း
ဝင်းပဖိတ်လျှံ၊ ဖန်ရောင်မှန်ရောင်
ဆောင်ကူးစင်္ကြန်၊ အုတ်ကြွပ်နီကြန်
မိုးရေမစွတ်၊ သွားရလာရ
ပေါင်ဒါနံ့၊ ရေမွှေးနံ့
နှုတ်ခမ်းနီနံ့၊ ပါးနီနံ့
ဝီစကီနံ့၊ ဘီယာနံ့များ
မော်တော်ကားသံ၊ အနောက်တေးသံ
ဂျပ်စ်ဘင်သံ၊ လေလှိုင်းသံ
ယစ်ဝေပန်းလျ၊ ဖျတ်ဖျတ်ရွရွ
မြို့ပြမှာ၊ ကြီးပြင်းခဲ့ရ
ဒေါက်တာဇီဗားဂိုးဇာတ်ကားမှ
ဘာရီကီဒို အိမ်ကြီးကိုသတိရ။

တိမ်တိုက်ပေါ်မှ
မြင်ရစက်ပြောက်၊ အောက်သို့ငုံ့ကြည့်
မိမိဖြတ်ရာ၊ မြို့ပြပြည်ရွာ
သမုဒ္ဒရာ၊ နက်ပြာနုရင့်
စိမ်းဝါလယ်ကွင်း၊ လှေကားထစ်ဆင့်ညီ
ပီကင်းဆိုက်ပြီ၊ ကော်ဇောနီခင်း
လည်စီးနီများ၊ ပန်းစည်းပေးဆက်
ဖြတ်သန်းပြန်ရာ၊ ဂိုဘီသဲကန္တာရ
မွန်ဂိုလိယ၊ အေးမြနှင်းခဲ
တွဲလောင်းခိုနား၊ နှာခေါင်းဖျားမှ
ဆိုက်ဘေးရီးယား၊ ရေခဲသားပြင်
ကြယ်နီဆင်သ၊ ကရင်မလင်
မြားနီညရထား၊ ပစ်သွားမြန်ယာဉ်
လီနင်ဂရက်၊ ၀န်းယှက်တံတား
ချောင်းဖျားစီးရစ်၊ စိမ်းသစ်ခွေကျွန်း
ဒနီးဗားမြစ်ဘေး၊ မေးတင်တောင်စောင်း
ဘုရားရှိခိုးကျောင်း၊ ရွှေရောင်ပြိုးပြက်
ကိယက်မြို့မှ၊ ပရဟာသို့
မြို့ပြရဲတိုက်၊ ဗုဒ္ဓဂါယာ
ဗာရာဏသီ၊ င်္ဂဂါမြစ်ဝှမ်း
သွားလာလှည့်လည်၊ မြို့ပြပြည်များ
ဆွီဒင်တခေါက်၊ နောက်ဆုံးရောက်ခဲ့
၁၉၆၂။

၇၅နှစ်
ပိတောက်သစ်၊ စိန်းပန်းသစ်
နှစ်ပေါင်းများစွာ၊ မြို့ပြမှာနေ
မွေးမြေနှင့်စိမ်း၊ ဇလပ်နှင့်စိမ်း
ကျေးငှက်နှင့်စိမ်း၊ လယ်ကွင်းနှင့်စိမ်း
ဘောက်တူနှင့်စိမ်း၊ မျှော့နက်နှင့်စိမ်း
မွေးရက်တနေ့၊ မိတ်ဆွေတွေ့ဆုံ
ကျေးလက်ဓလေ့၊ ထမင်းဝိုင်းမှာ
ရောက်တတ်ရာရာ၊ လွတ်လပ်စွာပြော
ပြုံးကာရယ်ကာ၊ နေရာမထ
ဓမ္မသုခ၊ မဲဇာအနီး
ဘုန်းကြီးကျောင်းမှာ၊ ဖိတ်စာမကမ်း
သတိရသူ၊ ချစ်ခင်သူများ
သတင်းကြားနှင့်၊ လာရောက်ကြပြီ
မွေးရာအိမ်ကြီး၊ ပြိုပျက်စီးလည်း
ဘုန်းကြီးကျောင်းနှင့်၊ ပိတောက်ပွင့်နှင့်
လက်ဖက်ရည်ဝိုင်းနှင့်၊ ကဗျာဝိုင်းနှင့်
ဇာတိရနံ့၊ ထုံမွှေးဆဲကို။ ။

ဒဂုန်တာရာ။
(၃၊ ၆၊ ၉၄)
{Beauty မဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၀၁ မှ ကူးယူဖော်ပြပါတယ်။}

ဆက်ဖတ်ရန်...

Wednesday, May 21, 2008

ပျိုးခင်းကိုဝင်

ဒဂုန်တာရာ

(က)
ကျွန်တော့်မိတ်ဆွေ အယ်ဒီတာတယောက် ဆောင်းပါးတောင်းရန် ရောက်လာသည်။ တကယ် တိတိကျကျ ရေးရရင်တော့ အယ်ဒီတာဟောင်းဟု ရေးရမည် ထင်သည်။ သို့သော် သူက သူထုတ်ဝေမည့် စာစောင်သစ်အတွက် ဆောင်းပါးလာတောင်းသည် ဆိုတော့ အယ်ဒီတာဟု ရေးလည်း ရနိုင်သည်။ အခြား ဝေါဟာရဖြင့် သုံးရလျင် သတင်းစာဆရာ ဟူ၍ ဖြစ်မည်။
'သတင်းစာဆရာ' ဟူသော ဝေါဟာရမှာ အဓိပ္ပါယ် ကျယ်ဝန်းလှသည်။ သတင်းစာဆရာ၊ ဂျာနယ်၊ မဂ္ဂဇင်း အယ်ဒီတာကို ယေဘူယျအားဖြင့် သတင်းစာဆရာဟု ခေါ်ကြသည်။ (သတင်းစာဆရာကို စာရေးဆရာဟုတော့ မခေါ်ကြတော့။)
"ဘယ်လို စာစောင်မျိုး ထုတ်မှာလဲ"
'သတင်းနဲ့စာပေ ဆောင်းပါး မျိုးစုံ' ကျွန်တော် အကြမ်းဖျင်း နားလည်လိုက်သည်။ အယ်ဒီတာက ဆက်လက်၍ 'ဒိုင်ဂျက် သဘောမျိုး ဆန်ဆန်' 'ဒိုင်ဂျက်' ဟူသော စကားလုံး အဓိပ္ပါယ်ရင်းမှာ 'အစာကြေညက်ခြင်း' ဟူ၍ဖြစ်သည်။ မြန်မာဆန်ဆန်ပြောရလျင် မိခင်က ကလေးပေါက်စကို အစာဝါးပြီး ကျွေးခြင်းကို တင်စားသည့် သဘောပင်။ စာစောင် စာအုပ်များထဲမှ ကောင်းနိုးရာရာ ရွေးချယ်ကာ အတိုချုံးပြီး ဖော်ပြသော နည်းဖြစ်သည်။ အချိန်အနည်းငယ်နှင့် ဖတ်နိုင်အောင် တင်ပြသော နည်းဖြစ်သည်ဟု ဆိုရမည်။ ကြေညက် အောင် ၀ါးပြီးသား စားရခြင်း ဖြစ်၍ မိမိက အစာချေရန် အားထုတ်စရာ မလိုတော့။ အထူးသဖြင့် အချက်အလက်ကိုသာ အခြေခံသော 'သတင်းပေး' ဆောင်းပါး အမျိုးအစားက များသည်။ ကမ္ဘာအရပ်ရပ်တွင် ယင်း 'ဒိုင်ဂျက်' များ ခေတ်စားသည်။ ဒိုင်ဂျက်တွင် ဆောင်းပါး အသစ်မပါ။ ပါပြီးသား ဆောင်းပါးတွေထဲက ထုတ်နှုတ်ဖော်ပြခြင်း သာဖြစ်သည်။ ယင်း ဒိုင်ဂျက် မဂ္ဂဇင်းစာစောင်များမှာ ဖတ်ချင်စဖွယ် ဘာသာရပ် စုံကြသည်။ စာအုပ်ကဏ္ဍ ဟူ၍ တခန်းဖွင့်ကာ နာမည်ကြီးစာအုပ်၏ အတိုချုံးစာ (၀ါးပြီးသားစာ) ပါသည်။ စာစောင်များများ ထုတ်ဝေသော နိုင်ငံကြီးများတွင် ဒိုင်ဂျက်သည် လူကြိုက်များသည်။ ပင်ရင်းစာများကို အချိန်ကုန်ခံ ဖတ်စရာမလိုပဲ ဒိုင်ဂျက်ဖတ်ရုံနှင့် သိနိုင်သည်ဟု ဆိုကြသည်။
ယခု ကျွန်တော့် မိတ်ဆွေအယ်ဒီတာ ပြောသည့် ဒိုင်ဂျက်ဆန်ဆန် ပုံစံမှာ အခြားနိုင်ငံတို့မှ ဒိုင်ဂျက် စစ်စစ်ပုံစံ မဟုတ်ပဲ ဘာသာရပ်စုံ သဘောသာ ယူမည်ဟု ခန့်မှန်းရသည်။
'သတင်းပေးတဲ့ ပုံစံကကော'
'သတင်းဆောင်ပါး သဘောပါပဲ'
ကျွန်တော် နားလည်လိုက်ပါပြီ။ အမေရိကန် တိုင်းမဂ္ဂဇင်းဟန်မျိုး ဖြစ်မည်။ ထွက်လာမှ သူ့ပုံပန်းကို မြင်ရတော့မည်။ သတင်းနှင့်စာပေဟု ပြောရာတွင် ရသစာပေဖြစ်သော ၀တ္ထု၊ ကဗျာတို့တော့ ပါဝင်မည် မထင်ပေ။
ယနေ့ခေတ် ဝေါဟာရနှင့် ဆိုလျင် သုတနှင့် ရသ။ သုတမှာ သတင်း၊ ရသမှာ စာပေ (ရသစာပေ)။
ကျွန်တော့်မိတ်ဆွေ စီစဉ် ထုတ်ဝေမည့် စာစောင်မှာ သည်ဘောင်အတွင်းထဲမှ ဖြစ်မည်။ ရသစာပေအကြောင်း ဆောင်းပါးများ ပါချင်ပါမည်။
ကျွန်တော့်ထံ ဆောင်းပါးလာတောင်းသည်ကို ထောက်၍ ရသစာပေအကြောင်း ရေးသားသည့် ဆောင်းပါးများကို လိုချင်၍ ဖြစ်မည်။
ကျွန်တော်က သုတသမားမဟုတ်။

(ခ)
'သတင်း' ဟူသော အဓိပ္ပါယ်မှာ ကျယ်ဝန်းသည်။ သတင်းစာတွင်ပါသော သတင်း၊ နေ့စဉ်ဖြစ်ပျက်နေသော သတင်းဖြစ်သည်။ သတင်းကို ဝေဖန်ချက်နှင့် ဖော်ပြခြင်းမျိုး ရှိသည်။ အထူးသဖြင့် ဂျာနယ်များက ယင်းအလုပ်ကို လုပ်ကြသည်။ သတင်းနှင့်ထင်မြင်ချက် ဖြစ်သည်။ သတင်းကို ရသဟန်ဖြင့် ဖွဲ့နွဲ့ခြင်းမျိုးလည်း ရှိသည်။ မစ္စက်ဂန္ဒီ လုပ်ကြံခံရသော အကြောင်း ဖော်ပြရာတွင် လုပ်ကြံခံရပုံကို ၀တ္ထုပမာ မြင်ကွင်းပေါ်အောင် ဖွဲ့နွဲ့ပြီး မစ္စက်ဂန္ဒီ၏ သမိုင်း ကြောင်းကို ခြေရာကောက်ထားသည်။ ရသဟန် သတင်းဝေဖန်ချက် ဆောင်းပါးဟု ဆိုရ ပေမည်။
'သတင်း' ဆိုသည်မှာ လူ့အကြောင်း၊ လူသိများအောင် ဖြန့်ဝေသော စာပေအမျိုးအစား ကို အမည်ပေးထားသော အနုပညာဝေါဟာရ ဖြစ်သည်။ သုတဟု ယခုခေါ်နေကြသည်။ ခံစားမှု အနုပညာဟန် အဖွဲ့အနွဲ့နှင့် မတူ။ ရသစာပေနှင့် မတူ။
ယခုအခါ လစဉ်မှန်မှန် ထုတ်ဝေသော စာစောင်၊ မဂ္ဂဇင်းများ ၃၀ခန့် ရှိမည်ထင်သည်။ တခါမျှ သည်လောက် များများ မရှိခဲ့။ ၀မ်းသာစရာပင်။ ကောင်းသောလက္ခဏာဟုပင် ဆိုရမည် ထင်သည်။ ယခု နှစ်ဆန်းတွင် မဂ္ဂဇင်းသစ်များ စီရရီ ထွက်လာကြသည်မှာ အားရစရာပင်။
မဂ္ဂဇင်းများမှာ ဘာသာရပ်လဲ စုံသည်။ ဘာသာရပ် အခေါ်အဝေါ် အမည်များဖြင့်ပင် ထုတ်ဝေကြသည်။ ရုပ်ရှင်၊ ဂီတ၊ ပန်းချီ၊ သိပ္ပံ၊ ဗေဒင်၊ အမျိုးသမီး၊ ဘာသာရေး.. စသည် စုံသည်။
ယင်း မဂ္ဂဇင်းစာစောင်များတွင် သတင်းပေးအင်အား၊ သုတအင်အားက ကောင်းနေ သည်။ 'ထူးပေ့ဆန်းပေ့သည်' သုတများကလည်း မနည်း။ ကမ္ဘာပေါ်တွင် အရပ်အရှည်ဆုံးလူ၊ ခေါက်ဆွဲအစားနိုင်ဆုံး ယောက်ျား၊ ဆန်တပြည်တွင် ဆန်စေ့ဘယ်နှစ်လုံးပါသည်... စသည်မျိုး။ အရောင်းရ တွင်ကျယ်သည်ဟု ကြားရသည်။ စီးပွါးရေးလုပ်ငန်းအနေဖြင့် အောင်မြင်သည်ဟု ဆိုနိုင်သည်။ ယင်းမဂ္ဂဇင်းများတွင် ရသ အင်အားကတော့ နည်းနေသည်။
'အခု ထုတ်နေကြတာကတော့ ရောတိရောရာတွေက များတယ်၊ ခင်ဗျားကကော ရည်ရွယ်ချက် ရှိသလား'
ရင်းနှီးသူမို့ မေးလိုက်ရခြင်း ဖြစ်သည်။
'မျိုးဆက်သစ် လူငယ်တွေအတွက် ရည်ရွယ်တာပဲဗျာ'
ကြိုက်သွားပြီ။
ကျွန်တော့်မိတ်ဆွေမှာ လူငယ်အဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများတွင် ပါဝင်ဖူးသူ၊ ကျောင်းဆရာ လုပ်ဖူးသူ ဖြစ်၍ စာအုပ်ကုန်သည်များထက်တော့ သာမည် ထင်ရသည်။
'ကျွန်တော် ဘာရေးပေးရမလဲ'
'ကြိုက်ရာရေး'
ကြိုက်သွားပြန်ပြီ။
'မျိုးဆက်သစ် လူငယ်တွေအတွက်' ဟူသော ရည်ရွယ်ချက်၊ ကျွန်တော် ကြိုက်သော ရည်ရွယ်ချက်။ မိမိ လုပ်နိုင်တာ မလုပ်နိုင်တာ အပထား။
လွန်ခဲ့သော ၁၅နှစ်ကျော် အနှစ် ၂၀ အတွင်းက ကျွန်တော်ရေးခဲ့သော စာများမှာ မျိုးဆက်သစ် လူငယ်များသို့ ဓမ္မဓိဌာန်အားဖြင့် ရည်မှန်းခဲ့သည်။ သူတို့ ဖတ်စေချင်သည်၊ သူတို့ ဆိုသည်မှာ လူငယ် စာဖတ်ပရိသတ် ဖြစ်သည်။
ယင်းသို့ ခံစားသည်မှာ အကြောင်းမဲ့ မဟုတ်။ မျိုးဆက်ကွာဟမှုကို ဆက်ပေးချင်၍ ဖြစ်သည်။ ကျွန်တော်က ခေတ်တခေတ်ကို ထူထောင်သူမဟုတ်။ ကျွန်တော်က နိုင်ငံရေးသမား မဟုတ်။ ကြိုးဆက်သည့် အလုပ်တော့ လုပ်ချင်သည်။
အတိတ်ကြိုးဆက်နှင့် ပစ္စုပ္ပန်ကြိုးဆက်။ အတိတ်မှ ပစ္စုပ္ပန် သို့ရောက်၍၊ ပစ္စုပ္ပန်မှ အနာဂတ်သို့ ရောက်မည်။ သည်ကြိုးမှာ တဆက်တည်းဖြစ်သည်။ ဆက်ထုံးမရှိရ။ အတိတ်ကောင်းမှ ပစ္စုပ္ပန်ကောင်းမည်။ ပစ္စုပ္ပန်ကောင်းမှ အနာဂတ်ကောင်းမည်။ ပဒိုင်းပင် မျိုးစေ့ ကြဲပြီး၊ ပန်းခူးချိန်တွင် နှင်းဆီပန်းခူးချင်၍ ရမည် မဟုတ်ပေ။ မျိုးဆက်ဆိုသည်မှာ မျိုးစေ့။ ငှက်ကလေးတကောင်က အပွင့်ကို ချီ၍ တော၊ တောင်၊ မြစ်၊ ချောင်း ကျော်ကာ ကြဲချ၍ မျိုးစေ့ပွါးသွားခြင်း မဟုတ်လား။
ကြိုးဆက်သူမှာ အတိတ်ကြိုးနှင့် ပစ္စုပ္ပန်ကြိုးစတို့၏ အင်အားနှင့် အမျိုးအစားတို့ကို လေ့လာရသည်။ စစ်ဆေးရသည်။ မလေ့လာ၊ မစစ်ဆေး၍ မဖြစ်။ သံမဏိကြိုးနှင့် အပ်ချည်စ ဆက်ပေး၍ ရမည်မဟုတ်။ ခိုင်မည်လည်း မဟုတ်။ သည်တော့ ကြိုးဆက်သူ ကျွန်တော်က တောက်ပသော အတိတ်ကို ဖော်ရသည်။ မဖော်၍ မဖြစ်။ အတိတ်သံမဏိကြိုးကို ရှာရသည်။
ကျွန်တော် ဖော်ပြသော အတိတ်က ပုဂံခေတ်မဟုတ်။ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် လဲ မဟုတ်။ ကျွန်တော်က မှန်နန်းရာဇ၀င်တော်ကြီးကို ရွတ်ပြနေသည် မဟုတ်။ ကျွန်တော်က ကျွန်တော့် ခေတ်ပြိုင်ကိုသာ လေ့လာသည်။ ကျွန်တော်မီသော၊ တွေ့ကြုံခံစားရသော၊ ရာစုနှစ်ဝက်မျှ ရှိသော ခေတ်ပိုင်းကိုသာ ပြောသည်။ ကျွန်တော်မမီသော ခေတ်ကို မပြော။ ၀ံသာနုခေတ်ကို မပြော၊ ကျွန်တော်မမီ။ ကျွန်တော်မီသော ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၃၀၀ ရာပြည့် အရေးတော်ပုံခေတ်မှ စ၍သာ ပြောသည်။ ကျွန်တော် ခံစားခဲ့သည့် ခေတ်ပြိုင်သမိုင်း အမြင်ဖြင့် ကြည့်လျင်တော့ အနှစ် ၅၀ ဆိုသည်မှာ ဘာမျှမရှိ။
ကျွန်တော်က အတိတ်က သံမဏိကြိုးဆက်ကိုသာ ရွေး၍ လေ့လာခြင်း ဖြစ်သည်။
ကျွန်တော်က အတိတ်သံမဏိ ကြိုးဆက်နှင့် ပစ္စုပ္ပန်ကြိုးစ သံမဏိမျှင်ကိုသာ ဆက်ချင် သည်။ (ပစ္စုပ္ပန်ကြိုးမျှင် တို့မှာလည်း နိုင်လွန်ကြိုးမျှင်၊ ဒစ္စကိုကြိုးမျှင်၊ ထိုင်းကော်တွန်မျှင်တို့ ရောနှောလျက် ရှိသည် မဟုတ်လား။) သံမဏိ-သံမဏိချင်း ဆက်မှသာ အမျိုးမှန်မည်၊ မျိုးဆက်မှန်မည်၊ မျိုးစေ့မှန်မည်။ ပစ္စုပ္ပန် မျိုးစေ့မှန်မှ အနာဂတ်မျိုးဆက်ကောင်းမည်။
ကျွန်တော် ဖော်ပြသော အတိတ်က အနော်ရထာမင်းစောခေတ် မရောက်။ ကျွန်တော်၏ လူငယ်ဘ၀ အတွေ့အကြုံကာလပိုင်း၊ ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုခေတ်၊ ဒီမိုကရေစီ လူထုလှုပ်ရှားမှုခေတ် တို့သာဖြစ်သည်။ ၁၉၆၀ ခုနှစ်ကို အလယ်ဗဟိုထား၍ စောစောဘက်ခေတ် အတိတ်ကာလကို သာပြောသည်။
'မျိုးဆက်သစ်လူငယ်' ဟူသော စကားရပ်က ရွေ့လျားနေသော စကားရပ် ဖြစ်သည်။ အချိန်ကာလ ခုနှစ် သက္ကရာဇ်ဖြင့် ဖော်ပြရန်ခက်သည်။ ယခု ၁၉၈၅ ကနေကြည့်လျင်၊ ဆယ်ကျော်သက်မှ အသက်သုံးဆယ်ကျော် အရွယ်ပိုင်းများကို 'လူငယ်' ဟု နားလည်ရသည်။ ယခုအခါ ကျွန်တော်က 'လူကြီး'၊ လွန်ခဲ့သော အနှစ် ၄၀ ကျော် ၅၀ ခန့် ကာလအတွင်းက ကျွန်တော်က လူငယ်။ ကျွန်တော်၏ 'လူငယ်' ဘ၀အတွေ့အကြုံကို 'လူငယ်' တို့အား ဝေငှခြင်း ဖြစ်သည်။ လူငယ် လူငယ်ချင်းမှ စာနာနိုင်မည် မဟုတ်လား။
မနေ့က မျိုးစေ့၊ ယနေ့ မျိုးဆက်။ မနက်ဖြန် မျိုးစေ့၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်။
မျိုးစေ့မှန်သည်၊ ကောင်းသည်။ သို့သော် မျိုးဆက်ထဲတွင် အဖြုန်းကလေးများ၊ စုန်းပြူးကလေးများတော့ ကြားညှပ် ပါတတ်သေးသည်ကို သတိပြုမှ ဖြစ်မည်။ ပျိုးထောင်မှု၊ ပေါင်းသင်မှု၊ ကောင်းမှ မျိုးဆက်ကောင်းမည်။ အသီးအပွင့် လှပမည်။
မျိုးဆက်သစ် လူငယ်ကို စိတ်ဝင်စားသော ကျွန်တော့် မိတ်ဆွေအယ်ဒီတာ မျိုးစေ့ကောင်း ကြဲနိုင်ပါစေသတည်း။

ဒဂုန်တာရာ
ဖေဖော်ဝါရီ၊ ၂၁ ၁၉၈၅။
[စာမော်ကွန်းမဂ္ဂဇင်း၊ ဇွန်လ၊ ၁၉၈၅ မှ ကူးယူဖော်ပြတယ်။]

ဆက်ဖတ်ရန်...

Thursday, May 8, 2008

ပထမမျိုးဆက်၏ နောက်ခံကား

ဒဂုန်တာရာ

(က)
ပထမမျိုးဆက်၏ နိုင်ငံရေး ယဉ်ကျေးမှု သမိုင်းနောက်ခံကားကို ဖော်ပြမှသာလျင် မျိုးဆက်၏ ၀ိသေသ အချိတ်အဆက်ကို ကောင်းစွာနားလည်ပေမည်။ ၁၉၁၉ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ကျနော်၏ ဆယ်ကျော်သက် အရွယ်သည် ကျနော်တို့၏ ပထမမျိုးဆက်အစဖြစ်သည်ဟု ဆိုနိုင်သည်။ တကယ်ကတော့ ၂၀ ရာစုနှစ်မှ စတင်၍ ရေတွက်ခြင်းမဟုတ်။ သို့သော် ကျနော်မှတ်မိသလောက်ခေတ်များ။ ဆိုပါတော့ ၁၉၂၀ ခုနှစ် ပထမ ကျောင်းသား သပိတ်၊ ၀ံသာနု လှုပ်ရှားမှုကို ကျနော်ကိုယ်တိုင် မီသည်မဟုတ်။ ထိုအခါက ကျနော့်မှာ ကလေးအရွယ်မျှသာ။ သို့သော် ယင်းဝံသာနုခေတ်၏ အသီးအပွင့်ကိုကား ကျနော်ခံစားရသည်။ ထိုခေတ်က အင်္ဂလိပ်ကိုလိုနီခေတ် ဖြစ်သည်။ ကျနော်မွေးဖွားရာခေတ်သည် အင်္ဂလိပ်လက်အောက်ခံခေတ်ဟု ခံစားနေမိသည်။ ထို့ကြောင့် လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို ကျနော်စတင်မြင်ခဲ့သော ရန်ကုန် (၇) လမ်းရှိ အောင်ဇေယျမင်္ဂလာ မြန်မာသက်သက်ကျောင်း၊ ထို့နောက် ကျိုတ်လတ်မြို့ အမျိုးသားအထက်တန်းကျောင်းတို့၏ ကျောင်းသားဘ၀ အတွေ့အကြုံမှ စတင်၍ သိရှိနားလည်စပြုလာသည်။ (၁၉၃၇ - ၃၈) ပညာရေးနှစ်မှစ၍ ရန်ကုန်ယူနီဘာစတီ ကောလိပ်သို့ ရောက်ခဲ့သည်။ ယင်းနှစ်ကာလများသည် အင်္ဂလိပ်ကိုလိုနီခေတ်၏ သမိုင်းအတွေ့အကြုံများပင်။ ထိုအခါက အင်္ဂလိပ်ကိုလိုနီခေတ်တွင် ကျောင်း ၃ မျိုး ရှိသည်။ မြန်မာစာသက်သက်ဖြင့် သင်ကြားသောကျောင်း၊ အင်္ဂလိပ် - မြန်မာ ၂ ဘာသာသင်ကြားသောကျောင်းနှင့် အင်္ဂလိပ်ကို ဦးစားပေးသော ဘိုကျောင်းဟုခေါ်သော ကျောင်းဟူ၍ ရှိသည်။ ကျနော်သည် ၂၀ ရာစုနှစ် အစ ၀ံသာနုခေတ် (ခေါ်) အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု၏ အသီးအပွင့်ဖြစ်သော အမျိုးသားကျောင်းတွင် စတင်ပညာသင်ခဲ့ရသည်။ ကျောင်းသားဘ၀အတွေံ အကြုံသည် ကျနော်တို့၏ သမိုင်းခံစားမှုကို ဆောင်ရွက်ပေးလေသည်။

(ခ)
ကျနော်တို့ လူမှန်းသိစအရွယ်က ဆရာစံ (ခေါ်) သုပဏ္ဏဂဠုန်ရာဇာ၊ မျိုးချစ်စိတ်၊ ၀ံသာနု၊ အမျိုးသားနေ့စသော စကားလုံးများနှင့် စတင်ထိတွေ့ခဲ့ရသည်။ ၁၉၃၈ ပတ်ဝန်းကျင် ယူနီဘာစီတီ ကောလိပ်သို့ ရောက်သောအခါ ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ အရင်းရှင်စနစ်၊ ဓနရှင်၊ ပစ္စည်းမဲ့၊ နယ်ချဲ့ဆန့်ကျင်ရေး၊ ပြည်သူ၊ ဥပဒေပြုလွှတ်တော် စသောစကားလုံးများကို ကြားလာရသည်။ ၁၉၃၈ - ၃၉ ခုနှစ်၊ ၁၃၀၀ ပြည့်ရေးတော်ပုံတွင် ဖြတ်သန်းလာသောအခါ အသိသည် ပို၍ကျယ်ပြန့်လာသည်။ ယင်းသည် ကျနော်တို့ ပထမမျိုးဆက်၏ နိုင်ငံရေး အသိဟုဆိုနိုင်သည်။ ၀ထ္ထု၊ ကဗျာ စသည်တို့သာမကတော့ပဲ နိုင်ငံရေးရာ သဘောတရားရေးရာ စာအုပ်များကို ဖတ်ဖြစ်လာသည်။ ကျနော်တို့ ပတ်ဝန်းကျင်ကလည်း ယင်းအယူအဆများဖြင့် ယှက်သန်းနေသည်ကို ကိုယ်တိုင် ထိတွေ့ခံစားလာရသည်။

၁၃၀၀ ပြည့် အရေးတော်ပုံကာလက ချောက်၊ ရေနံချောင်း၊ ရေနံမြေများသို့ သွားရောက်ကာ ဟောပြောခြင်း၊ စည်းရုံးခြင်းတို့ဖြင့် အသိတိုးလာရသည်။ ချောက်ရေနံမြေသို့ ရောက်သွားသောအခါ ကျနော်တို့ အလုပ်သမား တန်းလျားများသို့ ရောက်ခဲ့သည်။ ထိုအခါ ကျနော်တို့က ယင်းအလုပ်သမားလူတန်းစားတို့၏ အရေးပါပုံကို သိလာရသည်။ ကျနော်တို့ဖတ်ရှုနေသော နိုင်ငံရေးရာ သဘောတရားများကလည်း ယင်းအလုပ်သမားရေးရာ တို့ကို စိတ်ဝင်စားအောင် လှုပ်ဆော်ပေးသည်ဟု ဆိုနိုင်သည်။ ထိုအခါက ကျနော်တို့ ပါဝင်သော ကိုလိုနီ လက်အောက်ခံဘ၀မှ လွတ်မြောက်ရေး (၀ါ) အမျိုးသားလွတ်မြောက်ရေး ရည်ရွယ်ချက်နှင့်လည်း သွားရောက် ဆက်စပ်နေသည်။ ထို့ကြောင့် နိုင်ငံရေးရာသဘောတရားများကို ပို၍ ဖတ်ဖြစ်လာသည်။

(ဂ)
ဂျပန်ဖက်ဆစ်ခေတ် စစ်နှင့် တော်လှန်ရေးတို့ကို ဖြတ်သန်းပြီးသောအခါ နိုင်ငံရေးရာ သဘောတရားများကို ပို၍ စိတ်ဝင်စားလာသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်။ ထိုခေတ်သည် လွတ်လပ်ခါစ၊ ဖွံ့ဖြိုးခါစ၊ ဒီမိုကရေစီလှုပ်ရှားမှု ကာလဟုဆိုချင်သည်။ စစ်မဖြစ်ခင်ကမူ အတွေ့အကြုံက အမျိုးသားလွတ်လပ်ရေး စိတ်ဓာတ်။ လွတ်လပ်ရေးရပြီးသောအခါ ယင်းအမျိုးသားရေးစိတ်ဓာတ်မှ တိုင်းပြည်ကို မည်သို့တည်ဆောက်မည်၊ မည်သို့သော စာပေတို့သည် မိမိတို့တည်ဆောက်နေသော ဖွံ့ဖြိုးခါစ ဒီမိုကရေစီ လှုပ်ရှားမှုကို အကျိုးပြုမည်ကိုလည်း စဉ်းစားလာရသည်။

ကျနော့် ကျောင်းနေဖက်သူငယ်ချင်းများမှာ နိုင်ငံရေးဖက်သို့ ရောက်သွားသည်။ ကျနော်ကတော့ မရောက်။ ကျနော်က စာပေဘက်သို့ ထက်သန်နေသူ။ ထို့ကြောင့်ပင် မန်းတင် ၁၉၄၅ ခုနှစ်မှာ ထုတ်ဝေသော “ထို ၃ နှစ်” အမှာတွင် ကျနော်သည် နိုင်ငံရေးသမားမဟုတ်။ နိုင်ငံရေးသိပ္ပံပညာကို လေ့လာသော ကျောင်းသားတယောက် ဖြစ်သည်ဟု ဖေါ်ပြခဲ့ခြင်းဖြစ်သည်။ ဤကစ၍ ကျနော်တို့ ပထမမျိုးဆက်၏ နိုင်ငံရေးယဉ်ကျေးမှုကို သိလာသည်ဟု ဆိုရပေမည်။

ဒဂုန်တာရာ (အတွေးအမြင်စာစဉ် - ၁၆၆ မှ ပြန်လည်ဝေမျှပါသည်)

ဆက်ဖတ်ရန်...